မုဒုံ ဇန်နဝါရီ ၂၄
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါပိုး ကြိုတင်ကာကွယ်ရေးအတွက် ယနေ့ နံနက်ပိုင်း က မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့တို့ပူးပေါင်း၍ ရပ်ကွက်/ကျေးရွာများ အရောက် မွန်/မြန်မာနှစ်ဘာသာဖြင့် အသိပညာပေးလိုက်လံနှိုးဆော်သည်။
အသိပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း ကျဆင်းလာသည်မှာ ကျန်းမာရေးဌာန နှင့်ဌာနဆိုင်ရာများ၏ ကြိုးပမ်းဆောင်ရွက်မှုများ၊ လူမှုရေးအသင်းအဖွဲ့များ ကူညီပံ့ပိုးမှုများအပြင် ပြည်သူလူထု၏ စည်းကမ်းလိုက်နာမှု ကောင်းမွန်ခြင်းတို့၏ ရလဒ်ပင်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ နှင့် စပ်လျဉ်း၍ ဗီဇပြောင်းမျိုးကွဲသစ်ဖြစ်သည့် အိုမီခရွန် ကူးစက်ပျံ့နှံမှုသည် အနောက်နိုင်ငံများတွင် ပိုမိုများပြားလာခြင်းနှင့်အတူ အာဆီယံနိုင်ငံများဆီသို့ ရောက်ရှိလာပြီ ဖြစ်ရာ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ရောဂါကို ကာကွယ်တားဆီးနိုင်ရေးအတွက် အထူးသတိပြု ကြရမည်ဖြစ်ကြောင်း၊ မိဘပြည်သူများအနေနှင့် လူစုလူဝေးရှောင်ကြဉ်ခြင်း၊ နေအိမ်ပြင်ပသို့ထွက်တိုင်း နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း၊ လက်ကိုစနစ်တကျ မကြာခဏဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာနေထိုင်ခြင်း စသည့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော စည်းကမ်းချက်များအား ပြည်သူများအနေဖြင့် ဆက်လက်လိုက်နာကျင့်သုံးသွားကြပါရန်နှင့် ပူးပေါင်းပါဝင်ပေးကြပါရန် တိုက်တွန်း နှိုးဆော်ခဲ့ကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)