မိုင်းရယ် ဇန်နဝါရီ ၂၄
မိုင်းရယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ မိုင်းရယ်မြို့နယ်ရှိ ကြံစိုက်တောင်သူများ အသိပညာပေးဆိုင်ရာ ဆွေးနွေးပွဲ (Talk Show) ကို ယနေ့နေ့လယ် ၂ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ Community Center ခန်းမ၌ ပြုလုပ်သည်။
အဆိုပါ အသိပညာပေးဆွေးနွေးရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးစိုးနိုင်က မိုင်းရယ်မြို့နယ်တွင် သံတောင်ဦးကုမ္ပဏီမှ တန် ၅၀၀၀ ကျ သကြားစက် စတင် လည်ပတ်နေပြီဖြစ်သည့်အတွက် ကြံတစ်တန်လျှင် ကျပ် ၆၅၀၀၀ နှုန်းဖြင့် ဝယ်ယူလျက် ရှိကြောင်း၊ ကုမ္ပဏီမှ တောင်သူများနှင့်အကျိုးတူပူးပေါင်း၍ စိုက်ပျိုးစရိတ်များထုတ်ချေးခြင်း၊ စက်ကိရိယာများထောက်ပံ့ခြင်းများ ပြုလုပ်လျက်ရှိသောကြောင်း တောင်သူများ ကြံစိုက်ဧက တိုးတက်လာခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ကြံစိုက်တောင်သူများအား စိုက်ပျိုးနည်း စနစ်များ၊ မြေဩဇာပြုလုပ်နည်းများ၊ ပိုးသတ်ဆေးသုံးစွဲနည်းများကို ကွင်းဆင်း၍ ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း ဆွေးနွေးပါသည်။
ဆက်လက်၍ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့် ကာလအတွင်း ပြည်ပနိုင်ငံများမှ သီးနှံများ ဝယ်ယူခြင်း ကန့်သတ်သည့်အတွက် တောင်သူများ မိမိစိုက်ပျိုးသည့် ကြံများအား အလေအလွင့်မရှိ ရောင်းချနိုင်ရေးအတွက် မိုင်းရယ်မြို့နယ်သကြားစက်နှင့် စိုက်ပျိုးရေး ဦးစီးဌာနတို့ ပူးပေါင်းညှိနှိုင်း၍ တောင်သူများထံမှ ဝယ်ယူပေးနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးအရာရှိထံမှ သိရသည်။
ကျော်ဇင်ထိုက်