တန့်ယန်း ဇန်နဝါရီ ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးကို မြို့နယ်မှ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် စေတနာရှင်ပြည်သူများ ပူးပေါင်း ဆောင်ရွက်ရာ ယခုအခါ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွမ်)ရောဂါပိုး ကူးစက် ပြန့်ပွားမှုမရှိစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အသိ ပညာပေးခြင်းလုပ်ငန်းအား ဇန်နဝါရီလ ၂၄ ရက်နေ့ နံနက်ပိုင်းက အမှတ်(၄)ရပ်ကွက်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွမ်)ရောဂါပိုး ကူးစက်ပြန့်ပွားမှု မရှိစေရန် အတွက် အသိပညာပေးခြင်းဆောင်ရွက်ရာတွင် ရောဂါကူးစက်မှု ပိုမိုမြန်ဆန်ခြင်းကြောင့် (အိုမီခရွမ်) ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်သည့် စည်းကမ်းချက်များ၊ ရောဂါပိုးကူးစက် ပြန့်ပွားမှု မရှိစေရေးအတွက် ဆောင်ရန်ရှောင်ရန်အချက်များ၊ မိမိ၏လက်ကို လက်ဆေးဆပ်ပြာဖြင့် စနစ်တကျဆေးကြောရန်၊ နေအိမ်ပြင်ပသို့ ထွက်သူတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း Mask ကို စနစ် တကျ တပ်ဆင်၍ သွားလာအသုံးပြုရန်နှင့် Mask များကို အသုံးပြုပြီးစီးပါက စနစ်တကျ စွန့်ပစ်ရန်၊ မိမိ၌ ရောဂါကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ချက်ချင်းဆက်သွယ်၍ စစ်ဆေးမှုခံယူကြရန်နှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွမ်)ရောဂါပိုး ကူးစက်ပြန့်ပွားမှု မရှိစေရန် ပြည်သူလူထုတစ်ရပ်လုံးက ဝိုင်းဝန်းပူးပေါင်း ပါဝင်ဆောင်ရွက်ရန် မြန်မာဘာသာ၊ ရှမ်းဘာသာတို့ဖြင့် အသိပညာပေး နှိုးဆော်ခြင်းကို ဆောင်ရွက်ခဲ့သည်။
ယင်းအပြင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံကြရန်ကိုလည်း အသိပေးနှိုးဆော် ကြေညာပေးကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)