တံတားဦးမြို့နယ်တွင် ထိခိုက်ဒဏ်ရာရှေးဦးပြုစုခြင်း ဆင့်ပွားသင်တန်းဖွင့်လှစ်

တံတားဦး ဇန်နဝါရီ ၂၄

ကျောကပ်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ထိခိုက်ဒဏ်ရာရှေးဦးပြုစုခြင်း ဆင့်ပွားသင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၁၀) နာရီက တံတားဦးမြို့နယ် ဇီးချောင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းအတွင်း၌ ကျင်းပ ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် တံတားဦးမြို့နယ် ကြက်ခြေနီအသင်း(ခွဲ)ဥက္ကဋ္ဌ ဦးဟန်တင့်က သင်တန်းဖွင့်ပွဲအမှာစကား ပြောကြားပြီး၊  မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးအောင်နိုင်မင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ ပြောကြားရာတွင်  မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ရည်ရွယ်ချက်များကို အောင်မြင်အောင်ဆောင်ရွက်ကြရန် လိုကြောင်း၊ ဒါ့အပြင် လူသားချင်းစာနာထောက်ခြင်း၊ ခွဲခြားမှုမရှိခြင်း၊ ကြားနေခြင်း၊ လွတ်လပ်ခြင်း၊ စေဟတနာ့ ဝန်ထမ်း အကျိုးကိုဆောင်ရွက်ခြင်း စည်းလုံးညီညွတ်မှုရှိခြင်း၊ ကမ္ဘာတစ်ဝန်းပျံ့နှံခြင်း၊ ကိုယ်အင်္ဂါမသန်စွမ်း သူများကို ကူညီပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ကြက်ခြေနီတပ်ဖွဲ့မှ သင်ကြားပေးသည့် ပညာရပ်များကို အလေးထားသင်ယူကြစေလိုကြောင်း စသည်တို့ကို ပြောကြားပြီး  ဇီးချောင်းကျေးရွာ အုပ်ချုပ်ရေးမှူးက  ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

အဆိုပါ သင်တန်းဖွင့်ပွဲသို့ တံတားဦးမြို့နယ် ဇီးချောင်းကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ မြို့နယ် ကြက်ခြေနီ အသင်း(ခွဲ)ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများ (၂၄) ဦး တက်ရောက်ကြပြီး သင်တန်းကာလကို (၃) ရက်ကြာ ဖွင့်လှစ် သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

ရဲတင့် (ပြန်/ဆက်)