ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးစိတ်သစ်အိုမီခရွန်သတိပြုကာကွယ်ရေး ပြည်သူများလိုက်နာဆောင်ရွက်ရန် လှည့်လည်အသိပေးနှိုးဆော်

ရမည်းသင်း    ဇန်နဝါရီ ၂၄

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ရောဂါကူးစက်ပျံ့နှံ့ တွေ့ရှိမှုနှုန်း မရှိစေရန်နှင့် မျိုးရိုး ဗီဇပြောင်း အိုမီခရွန် ဗိုင်းရပ်ပိုး သတိပြုကာကွယ်ရေးနှင့် ကူးစက်မှုမရှိစေရန် ကြိုတင်ကာကွယ်ရေးတို့ကို ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များအား ပြည်သူများ လိုက်နာရန်နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံရေး စဉ်ဆက်မပြတ် အသိပညာပေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် ဝါတိုး အနောက်ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ ယနေ့ နံနက် ၈နာရီခွဲက ဝါတိုးအနောက် ရပ်ကွက်ကြီးအတွင်း လှည့်လည်အသိပေး နှိုးဆော်ကြောင်း သိရသည်။

ထိုသို့ လှည့်လည်အသိပေးနိုးဆော်ရာတွင် မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် အတတ်နိုင်ဆုံး မိမိနေအိမ်တွင်း၌သာ နေထိုင်ခြင်းနှင့် လူစုလူဝေးကို တတ်နိုင်သမျှ ရှောင်ကြဉ်ရန်၊ ပြင်ပမှလာသော ဧည့်သည်များ လက်မခံကြရန်နှင့် နေအိမ်ပြင်ပသို့ သွားရောက်ရန်နှင့် လူအများစု ဝေးရာသို့ သွားရောက်ရန်ရှိပါက ပါးစပ် နှာခေါင်းစည်း စနစ်တကျတပ်ဆင်ရန်၊  အရာဝတ္ထုတစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် စက္ကန့်(၂၀)ကြာ စနစ်တကျဆေးကြောကြရန်၊ အလှည့်ကျ ရရှိလာသည့် ကာကွယ်ဆေးထိုးနှံမှုကို အကြိမ်ပြည့် မပျက်မကွက် ထိုးနှံကြရန်၊ သက်ကြီးရွယ်အိုများ၊ ဆီးချို၊ သွေးတိုးနှင့် နှလုံးရောဂါရှိသူများ ရောဂါကူးစက်ခံရပါက ဝေဒနာပြင်းထန်စွာ ခံစားရပြီး အသက်အန္တရာယ် ထိခိုက်နိုင်ကြောင်း၊ မိမိတို့၌ ရောဂါပိုး ကူးစက်ခံနေရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှု ခံယူကြရန်၊ ကာကွယ်ဆေး ထိုးပြီးသော်လည်း ရောဂါကာကွယ်ရေးနည်းလမ်းများကို လိုက်နာကြရန်တို့ကို ပြည်သူများ အတွင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်လှည့်လည်အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။             

ဇော်ဝင်းအောင်(ခရိုင် ပြန်/ဆက်)