မုဒုံမြို့၌ ကြက်ခြေနီရှေးဦးပြုစုနည်း အခြေခံသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

မုဒုံ    ဇန်နဝါရီ    ၂၄

မြန်မာနိုင်ငံကြက်ခြေနီအသင်း မွန်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှု ကော်မတီ မုဒုံမြို့နယ် ကြက်ခြေနီ အသင်းခွဲနှင့်  ဇီဝိတဒါနဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ရှေးဦးပြုစုနည်း အခြေခံ သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့က မုဒုံမြို့နယ် မြို့မ()ရပ်ကွက် ဓမ္မရာဇိန် ကျောင်းရှိ ဓမ္မာရုံ၌ ပြုလုပ်သည်။

သင်တန်းဆင်းပွဲတွင် ဓမ္မရာဇိန်ကျောင်းဆရာတော်မှ သြဝါဒမိန့်ကြားပြီး မြို့နယ်ကြက်ခြေနီ အသင်းခွဲဥက္ကဋ္ဌ ဦးအောင်ဗိုလ်ကျော်က စေတနာ့ဝန်ထမ်းများ အနေဖြင့် မိမိတို့ တက်မြောက်သည့် ရှေးဦးပြုစုနည်းများကို အသုံးပြု၍ ရပ်ကွက်/ကျေးရွာမှ  ပြည်သူတို့၏ အရေးပေါ်အခြေအနေများ၊ သဘာဝဘေးအန္တရာယ်များနှင့် မတော်တဆထိခိုက်မှုများတို့တွင်  လျော့နည်းကာကွယ် တားဆီးနိုင်ကြစေလိုကြောင်း အမှာစကားပြောကြား ခဲ့သည်။

အဆိုပါသင်တန်းတွင် ကြက်ခြေနီအကြောင်း သိကောင်းစရာ၊ အပူလောင်ခြင်းနှင့် အရည်ပူလောင်ခြင်း၊ လူနာများကိုင်တွယ်ခြင်းနှင့် သယ်ဆောင်နည်း၊ လူနာဆန်းစစ်နည်း ဒဏ်ရာနှင့် သွေးယိုစီးခြင်း၊ ဦးခေါင်းဒဏ်ရာ၊ ကျောရိုးတန်းမကြီးဒဏ်ရာ၊ အရိုးကျိုးခြင်း၊ အဆစ်လဲခြင်း၊ သွေးဆုတ်သွေးလန့်ဖြစ်ခြင်း၊ မူးမေ့ခြင်း၊ သတိလစ်ခြင်းနှင့်စသည့် ရှေးဦးပြုစုနည်းအခြေခံ သဘောတရားများတို့ကို သင်ကြားပို့ချခဲ့ကြောင်း၊ ရေဖြေ စာမေးပွဲတွင် ထူးချွန်သည့်သင်တန်းသားများကို ဆုချီးမြှင့်ခဲ့ကြောင်းနှင့် သင်တန်းကို ရပ်ကျေးများမှ စေတနာ့ဝန်ထမ်း ၂၃ ဦးတို့က တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)