သံဖြူဇရပ် ဇန်နဝါရီ ၂၄
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲ(Talk Show) ကို ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် သံဖြူဇရပ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ် ဦးစီးမှူးက အသိပညာပေး ဆွေးနွေးပွဲ ပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားခဲ့ပြီး မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ တပ်ဖွဲ့မှူး ဦးစိုးမင်းက ကိုဗစ်-၁၉ရောဂါ စတင်ဖြစ်ပွားလာပုံ၊ ရောဂါကာကွယ်ရေး နည်းလမ်းများ၊ ကာကွယ်ဆေးထိုးနှံနိုင်မှု အခြေအနေ၊ ကာကွယ်ဆေးထိုးထားသူ ရောဂါဖြစ်ပွားလျှင် ရောဂါခံစားရမှု သက်သာခြင်းနှင့် သေဆုံးမှုနည်းပါးကြောင်းတွေ့ရခြင်း၊ ကိုဗစ်-၁၉မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ စတင်ဖြစ်ပွားလာပုံနှင့် ရောဂါကာကွယ်နိုင်ရန်အတွက် ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ရမည် ဖြစ်ကြောင်းတို့ကို ဆွေးနွေးပြောကြားခဲ့သည်။
သံဖြူဇရပ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် Online မှတစ်ဆင့် ပြည်သူများ ဗဟုသုတများ ရှိစေရန်အတွက် အသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
အေးအေးမွန်(သံဖြူဇရပ်)