ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း အောင်ပွဲရ ရခိုင်ပြည်နယ် အမျိုးသမီး ဘောလုံး အသင်းအား ဂုဏ်ပြုပွဲအခမ်းအနားတက်ရောက်

စစ်တွေ  ဇန်နဝါရီ  ၂၄

၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် ၂၅ နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် အောင်ပွဲရ ရခိုင်ပြည်နယ် အမျိုးသမီးဘောလုံးအသင်းအား ဂုဏ်ပြုပွဲ အခမ်းအနားကို  ယနေ့နံနက်ပိုင်း ကပြည်နယ် အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များနှင့် အောင်ပွဲရ အားကစားသမားများ တက်ရောက်ကြသည်။

ဂုဏ်ပြုပွဲတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက ရခိုင်ပြည်နယ်၏ အားကစား ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကစားနှင့်ကာယပညာသိပ္ပံကို စစ်တွေမြို့တွင် တည်ဆောက်လျက်ရှိရာ မကြာမှီကာလအတွင်း ဖွင့်လှစ်သွားမည်ဖြစ်ပြီး သတ္တမတန်းမှစ၍ ဒသမတန်းထိ အားကစားလေ့ကျင့်ရေးနှင့် ပညာသင်ကြားရေးအပြင် အားကစား သိပ္ပံဘွဲ့ရရှိရေးအတွက် တပြိုင်တည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အားကစားနှင့်ပညာရေး ပေါင်းစပ်လေ့ကျင့်မှု အစီအစဉ်အရ ရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ်အသီးသီးတွင် အလေးထားဆောင်ရွက်နိုင်ရေးအတွက် တာဝန်ရှိသူများက ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း၊ ထို့အပြင် ရခိုင်ပြည်နယ်၏မြို့တော် စစ်တွေမြို့မှာ နိုင်ငံတကာအဆင့်မှီ ဓညဝတီအားကစားကွင်း တစ်ကွင်း၊ သံတွဲခရိုင်အားကစားကွင်းတစ်ကွင်းနှင့် တောင်ကုတ်တက္ကသိုလ် အားကစားကွင်း တစ်ကွင်းကိုပါ တည်ဆောက်လျက်ရှိကြောင်း၊ အလားတူ အားကစားလောကကို အဆင့်မြှင့်တင်ခြင်း၊ အားကစားသမားများ၏ ဘဝအဆင်ပြေစေရန် ထောက်ပံ့ပေးခြင်းနှင့် ပြည်ပနိုင်ငံများသို့ အားကစားသမားများ စေလွှတ်၍ လေ့ကျင့်ယှဉ်ပြိုင်စေပြီး ပြည်တွင်းမှာလည်း ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ အားကစားပွဲများကို ကျင်းပပြုလုပ်လျက်ရှိရာတွင် ယနေ့ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် ၂၅ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲကို ယခုနှစ်တွင် ကျင်းပနိုင်ခဲ့ပါကြောင်း၊ ပထမဆုံးကျင်းပ သည့်ပွဲတွင် ရခိုင်ပြည်နယ် အမျိုးသမီးဘောလုံးအသင်းသည် ပွဲစဉ်တစ်လျောက်လုံး ရှုံးပွဲမရှိ အနိုင်ရ ရှိခဲ့သည့်အတွက် ပြည်နယ်အစိုးရအဖွဲ့နှင့်အတူ ပြည်နယ်သူ၊ ပြည်နယ်သားများကပါ ဝမ်းမြောက် ဂုဏ်ယူလျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်၏ ဂုဏ်သိက္ခာကို ဘောလုံး အားကစားဖြင့်မြှင့် တင်ပေးသည့်အတွက် ပြည်နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ တာဝန်ရှိသူများ၊ အုပ်ချုပ်သူ၊ နည်းပြများနှင့် အဖွဲ့ဝင်များ ပြိုင်ပွဲဝင်ခဲ့ကြသည့် အောင်ပွဲရ အားကစားသမားများ၊ ဂုဏ်ပြုငွေချီးမြှင့်ပေးကြသော စေတနာရှင် အလှူရှင်များအား လေးစားစွာ မှတ်တမ်းတင် ဂုဏ်ပြုပါကြောင်းနှင့် နောင်အနာဂတ်တွင်လည်း ပြည်နယ် ဂုဏ်ဆောင် အားကစားသမားများ ဆက်လက်ပေါ်ထွန်းလာပါစေကြောင်း ပြောကြားသည်။

ဆက်လက်၍ ရခိုင်ပြည်နယ်အမျိုးသမီးဘောလုံးအသင်း အဖွဲ့ခေါင်းဆောင်၊ ပြည်နယ်အား ကစားနှင့်ကာယပညာ ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မေဌေးက ပြိုင်ပွဲ အတွေ့အကြုံများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်၊ ဌာနဆိုင်ရာများနှင့် အလှူရှင်များက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကြရာ ရခိုင်ပြည်နယ်အားကစားနှင့် ကာပညာ ကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်လူမှုရေးရာဝန်ကြီးတို့က လက်ခံကြပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ကြသည်။ ယင်းနောက် အားကစားသမားများကိုယ်စား ကစားသမား တစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ အောင်ပွဲရ အားကစားသမားများသည် စစ်တွေမြို့ကမ်းနားလမ်းရှိ RV သောက်စားဆိုင်မိသားစုမှ ဂုဏ်ပြုကျွေးမွေးသော နေ့လည်စာအားအတူတကွ သုံးဆောင်ခဲ့ကြသည်။

အောင်ပွဲရ ရခိုင်ပြည်နယ် အမျိုးသမီးဘောလုံးအသင်းအား ဂုဏ်ပြုပွဲတွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ဌာနဆိုင်ရာများနှင့် စေတနာရှင် အလှူရှင်များက ဂုဏ်ပြုချီးမြှင့်ငွေ ၄၃၃ သိန်းကို ချီးမြှင့်နိုင်ခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)