မုဒုံမြို့၌ သီးနှံအမျိုးမျိုးနှင့် တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ်

မုဒုံ    ဇန်နဝါရီ    ၂၄

မွန်ပြည်နယ် မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနနှင့် မွန်ပြည်နယ် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း ဖွင့်လှစ်သည့် သီးနှံအမျိုးမျိုးနှင့် တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီခွဲက မုဒုံမြို့နယ် ဝက်တဲကျေးရွာရှိ ဓမ္မာရုံ၌ ဖွင့်လှစ်ပေးခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးတင့်ဇော်က အဖွင့်အမှာ စကားပြောကြားပြီး မွန်ပြည်နယ် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါ်နွယ်နွယ်ဝါက ဒေသခံတိုင်းရင်းသားများ၊ ကျေးလက်နေပြည်သူများ တစ်နိုင်တစ်ပိုင်စီးပွားရေး လုပ်ငန်း နှင့် မိသားစုစားဝတ်နေရေးအဆင်ပြေရန်၊ အရည်အသွေး ပြည့်မီသော ဘေးအန္တရာယ်ကင်းရှင်းသည့် စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာ များ  ထူထောင်နိုင်စေရန်  ရည်ရွယ်၍သင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် မော်လမြိုင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက သင်တန်းသူများအား သင်ထောက်ကူပစ္စည်းများပေးအပ်ခဲ့သည်။

အဆိုပါ သင်တန်းကို ကျေးလက်နေပြည်သူသင်တန်းသူ ၂၀ ဦးအား သင်တန်းနည်းပြနှစ်ဦးဖြင့်       ဇန်နဝါရီ ၂၄ ရက်မှ ၂၈ ရက်အထိ  စာတွေ့      လက်တွေ့ သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)