ကျောက်ဆည်မြို့နယ် ရွှေဒါးကျေးရွာတွင် ကြက်ဟင်းခါး တစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချသူများ မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိ

ကျောက်ဆည်  ဇန်နဝါရီ  ၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆန်းစပါးကို အဓိကထားစိုက်ပျိုးကြသော်လည်း မြစ်ဘေး၊ ချောင်းဘေးနှင့် ကျွန်းမြေ၊ သဲနှုန်းမြေများတွင် မီးဖိုချောင်သုံး အသီးအနှံများဖြစ်သည့်  ဖရုံ၊ သခွား၊ ကြက်သွန်၊ ခဝဲ၊ ကြက်ဟင်းခါး၊ နံနံ ၊ မုံညင်း စသည့် သီးနှံမျိုးစုံစိုက်ပျိုးကြကြောင်း သိရှိပြီး ရွှေဒါးကျေးရွာတွင် ကြက်ဟင်ခါး  တစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချသူများ မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။

ကြက်ဟင်းခါး မျိုးထုပ်တစ်ထုပ် စိုက်ပျိုးထားပါက စတင်ခူးချိန်တွင် အချိန်(၁၅)ပိဿာခန့်ခူး ဆွတ်ရပြီး အသီးလှိုင်လှိုင်ပေါ်ချိန်တွင်(၇၀/၈၀)ပိဿာခန့်အထိ ခူးဆွတ်ရကြောင်း ခူးဆွတ်ရောင်းချရသည့် သတ်တမ်းမှာ အပင်ပြုစုမှုအပေါ်မူတည်ပြီး (၅)လမှ (၆)လခန့် ခူးဆွတ်ရောင်းချရကြောင်း စိုက်ပျိုးပြီး တစ်လခန့်တွင် အပွင့်များ စတင်ပွင့်ပြီး (၄၅)ရက်သားတွင် အသီးများစတင်ခူးခွတ်ရောင်းချရကြောင်း၊ ခူးဆွတ်ရောင်းချရာတွင် (၄-၅)ရက်တစ်ခါခူးဆွတ်ရပြီး၊ လက်လီရောင်းချပါက တစ်ပိဿာ(၁၀၀၀) ကျပ်ရောင်းချရပြီး အဝယ်ဒိုင်သို့သွင်းပါက  တစ်ပိဿာ(၈၀၀)ကျပ် ရောင်းချရကြောင်း၊ ပန်တံဆိပ် တစ်သုံးလုံး ကြက်ဟင်းခါးမျိုး စိုက်ပျိုးရောင်းချသည့် ရွှေဒါးကျေးရွာမှ တောင်သူဦးမြတ်သိန်းက ပြောပြသည်။

ကြက်ဟင်းခါးစိုက်ပျိုးမည်ဆိုပါက ဦးစွာ သဘာဝမြေဩဇာဖြစ်သည့် နွားချေးများသုံးကာ မြေပြုပြင်ခြင်းများ စနစ်တကျဆောင်ရွက်ပြီးစီးသွားပါက (၆)ပေခန့်အကွာတိုင်များစိုက်ပြီး (၅)ပေ အမြင့်စင်များ ပြုလုပ်ကာ မိမိတို့စိုက်ပျိုးလိုသည့် ကြက်ဟင်ခါးမျိုးများကို တိုင်ခြေနှင့်တစ်ထွာအကွာတွင် ကျင်းများတူးပြီး အစေ့တိုက်ရိုက်ချ စိုက်ပျိုးနိုင်ကြောင်း၊ အပင်များဖြစ်ထွန်းမှုကောင်းစေရန်အတွက် စိုက်ပျိုးပြီး (၁၅)ရက်အကြာ အပင်နွယ်ထွက်လက်မောင်းတန်းချိန်တွင် အပင်ပတ်လည်၌ အာမိုမြေဩဇာ ဟင်းစား ဇွန်းတစ်ဇွန်းခန့် ဖြူးပေးကာ ရေတင်ပေးရကြောင်း၊ ကြက်ဟင်းခါးစိုက်ပျိုးရာတွင် အသုံးပြုသည့် တိုင်နှင့်ဝါးများသည် တစ်ခါဝယ်ယူထားပါက (၄)နှစ်အထိ ပြန်လည်အသုံးပြုနိုင်သဖြင့် မိသားစုတစ်ပိုင်တစ်နိုင်စိုက်ပျိုးက ကုန်ကျစရိတ်နည်းပါးကာ အမြတ်ငွေများသောကြောင့် တောင်သူများအနေဖြင့် စိုက်ပျိုးသင့်သည့် သီးနှံတစ်မျိုးဖြစ်ကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)