မြစ်ကြီးနား ဇန်နဝါရီ ၂၄
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့် အသက်မွေးပညာသင် တန်းကျောင်းမှ ကြီးမှူးဖွင့်လှစ်သော ချည်မျှင်နှင့် အထည်အလိပ်ကျွမ်းကျင်(၁)နှစ်သင်တန်း၊ လက်ရက်ကန်းနှင့် သဘာဝဆိုးဆေး (၆)လသင်တန်းဖွင့်ပွဲ အခမ်းအနားအား ယနေ့နံနက် ၁ဝ နာရီက အဆိုပါ သင်တန်းကျောင်းရှိ လေ့ကျင့်ပျိုးထောင် ရေးစင်တာတွင် ကျင်းပပြုလုပ်ရာ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ဉာဏ်မြင့်ကျော်က တက်ရောက်ဖွင့် လှစ်ပေးသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးက “နှစ်စဉ်ပညာသင်နှစ်အလိုက် ပုံမှန်ရက်ကန်းသင်တန်းများ ဖွင့်လှစ် ခြင်းအားဖြင့် ရိုးရာရက်ကန်း အတတ်ပညာများ တိမ်ကောပပျောက် မသွားစေရန်၊ ငယ်ရွယ်သော အမျိုးသား/ သမီးငယ်လေးများ ရက်ကန်းပညာရပ်များဖြင့် အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရန်၊ နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင် စက်ရုံ၊ အလုပ်ရုံ များအတွက် ကျွမ်းကျင်သော လုပ်သားများ မွေးထုတ်ပေးနိုင်ရန်၊ ရက်ကန်းပညာရပ်ဖြင့် မိသားစုဝင်ငွေတိုးပွားလာစေရန်၊ ကချင်ရိုးရာ ဒီဇိုင်းများ စျေးကွက်အတွင်း စဥ်ဆက်မပြတ် ပြန့်ပွားစေရန်နှင့် တပိုင်တနိုင် ရက်ကန်းပညာရပ်များဖြင့် စီးပွားရေးလုပ်ငန်းများ ထူထောင်နိုင်ရန် ရည်ရွယ် ကြောင်း” အမှာစကားပြောကြားသည်။
ထို့နောက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူးမှ ဦးအောင်မောင်းမှဌာန၏ လုပ်ငန်းစဉ်များ လက်ရှိ ဆောင်ရွက်နေသောလုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့ပြီး အဆိုပါသင်တန်းသား/သူများအတွက် ပြည်နယ်ဝန်ကြီးက ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။
အဆိုပါ ရက်ကန်းသင်တန်းတွင် စက်ရက်ကန်း၊ လက်ရက်ကန်း၊ အထည်ဒီဇိုင်း၊ အထည်သင်္ချာ လက်ချည်မျှင်စွဲ၊ တိုင်းရင်းသားရိုးရာ ဂျပ်ခုတ်အစရှိသည့်ဘာသာရပ်များ ပါဝင်ပြီး သဘာဝဆိုး ဆေးသင်တန်းတွင် ဆီးဖြူသီး၊ ကြက်သွန်ခွံ၊ ကုက္ကိုခေါက်၊ ဂျုတ်သီး၊ အုန်းသီးခွံ၊ ဆပ်ပြာကြမ်း၊ ဆနွမ်းတတ်၊ ဗံဒါရွက် အစရှိသည်တို့အား အသုံးပြုပြီး ဆိုးဆေးပြုလုပ်နည်းများအား စာတွေ့ လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း အဆိုပါရက်ကန်းသင်တန်းကျောင်း ကျောင်းအုပ်ကြီးထံမှသိရသည်။
ခရိုင်ပြန်/ဆက်