နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်း (တိုင်းအဆင့်) သင်တန်းဖွင့်ပွဲ အခမ်းအနား တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ဇန်နဝါရီ ၂၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း တိုင်းအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီတွင် ပါဝင်သည့်ဌာနများမှ တာဝန်ထမ်းဆောင်လျက်ရှိသောဝန်ထမ်းများ၊ လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများတွင် တက်ကြွစွာပါဝင် ဆောင်ရွက်လျက်ရှိသော ကြက်ခြေနီ၊ ပရဟိတအဖွဲ့များအနေဖြင့် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေးကို ပိုမိုနားလည် လာစေပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်စွမ်းရှိစေရန် ရည်ရွယ်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်း (တိုင်းအဆင့်)၁/၂၀၂၂ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက သဘာဝဘေးအန္တရာယ်သည် ကြိုတင်ခန့်မှန်း၍ မရနိုင်သည့်အတွက် ဘေးမဖြစ်မီကြိုတင်ပြင်ဆင်ခြင်း၊ ကြိုတင်ကာကွယ်ခြင်းဆိုင်ရာ လုပ်ငန်းများကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်သူလူထုများ ဟန်ချက်ညီညီ၊ ပူးပေါင်း ဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း၊ သဘာဝဘေးလျော့ပါးရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းစဉ်များသည် တစ်ဦးတစ်ယောက်တည်းဆောင်ရွက်၍ ရသည့်လုပ်ငန်းမဟုတ်သောကြောင့် အားလုံးပါဝင်ဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်ပါကြောင်း၊ သဘာဝဘေးအန္တရာယ်နှင့် သက်ဆိုင်သည့် အသိပညာ၊ ဗဟုသုတတွေကိုသိရှိပြီး ကြိုတင်ပြင်ဆင်စီမံဆောင်ရွက်ထားခြင်းဖြင့် ထိခိုက်မှု လျော့နည်း သက်သာအောင်ဆောင်ရွက်နိုင်မှာ ဖြစ်ပါကြောင်း၊ သင်တန်းသား/သူများအနေဖြင့် သင်တန်းမှပို့ချ/ဆွေးနွေးမှုများအား စိတ်ဝင်တစား ဂရုတစိုက်သင်ယူမှတ်သားလေ့လာပြီး ရရှိသည့် အသိပညာ၊ ဗဟုသုတအတွေ့အကြုံများကို မိမိတို့ မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုလုပ်ငန်းများတွင် ကျရာကဏ္ဍမှ ပူပေါင်းပါဝင်ဆောင်ရွက်ပြီး ပြည်သူလူထု၏ အသက်အိုးအိမ်၊ စည်းစိမ်များကို ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူး ဦးကျော်ကျော်ထွန်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံ သင်တန်းများ တက်ရောက်ခြင်းဖြင့် အကျိုးကျေးဇူးများစွာရရှိမှာဖြစ်ပါကြောင်း၊ မိမိတို့ တာဝန်ထမ်းဆောင်ရာ ဒေသအသီးသီး၌ သဘာဝဘေးအန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့လာပါက မိမိတို့ ကိုယ်တိုင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကိစ္စရပ်များကို ဆောင်ရွက်နိုင်မှာဖြစ်ပါကြောင်း၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု သဘောတရားများကို ပိုမိုနားလည်သဘောပေါက်စေပြီး မိမိတို့ ဒေသအသီးသီးတွင် ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှု လျော့ချရေးနှင့် အသိပညာပေးလုပ်ငန်းများကို သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ဘေးဒဏ်ကြံကြံခံနိုင်သည့် လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ပေါက်လာစေရန် သင်တန်းပို့ချပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါသင်တန်းကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးဖွင့်လှစ်ပေးခြင်းဖြစ်ပြီး တိုင်း၊ ခရိုင်နှင့် မြို့နယ်များရှိ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံကြက်ခြေနီ နှင့် ပရဟိတအဖွဲ့အစည်းများမှ သင်တန်းသား၊ သင်တန်းသူ(၅၀)ဦး တက်ရောက်ကြပြီး သင်တန်းကာလကို ဇန်နဝါရီလ(၂၄) ရက်နေ့မှ (၂၈)ရက်နေ့အထိ (၅)ရက်ကြာ ဖွင့်လှစ်မည်ဖြစ်ကာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဝေါဟာရများ၊ စီမံခန့်ခွဲမှုအယူအဆနှင့် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှု၊ ရာသီဥတုပြောင်းလဲခြင်းနှင့် ယင်း၏အကျိုးသက်ရောက်မှုများ၊ ထိခိုက်ခံရလွယ်မှု၊ ထိတွေ့နိုင်ခြေနှင့်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာမူဝါဒများနှင့် ဖွဲ့စည်းဆောင်ရွက်မှု၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ပတ်သတ်သည့် သင်ခန်းစာများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းခြင်းဆိုင်ရာသင်ခန်းစာများ၊ အရေးပေါ် ကာလတွင် ပြည်သူ့ကျန်းမာရေး ဆိုင်ရာလုပ်ဆောင်ချက်များ၊ ရှေးဦးသူနာပြုစုနည်းများ၊ ကာကွယ် စောင့်ရှောက်မှုများကို အဖွဲ့လိုက်ဆွေးနွေးခြင်းများဖြင့် သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)