မော်လမြိုင် ဇန်နဝါရီ ၂၄
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ မွန်ပြည်နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၂ခုနှစ်၊ မွန်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀) မြို့နယ်အသက် (၂၅)နှစ်အောက် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်းပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲက မော်လမြိုင်မြို့၊ ဖက်တန်းရပ် ပြည်နယ် အားကစားခန်းမတွင် ကျင်းပခဲ့ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့်ဇနီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အားကစား သမားများ နှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မွန်ပြည်နယ်(၁၀)မြို့နယ်အတွင်းမှ ဆုရရှိသည့် ပြိုင်ပွဲဝင် အသင်းများ၏ (၅)ဦးအလိုက်၊ (၃)ဦးအလိုက်နှင့် (၁)ဦးချင်းအလိုက် ကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်) သရုပ်ပြပေးမှုကို ကြည့်ရှုအားပေးသည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲကျင်းပခဲ့ရာ မြို့နယ်များအလိုက်(၁)ဦးချင်းပြိုင်ပွဲ၊ အသင်းလိုက် (၃)ဦးပြိုင်ပွဲ၊ အသင်းလိုက်(၅)ဦးပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများနှင့် အမှတ်အများဆုံး တံခွန်စိုက်ဒိုင်းဆုနှင့် ငွေသားဆုများကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အမျိုးသမီး အားကစားအဖွဲ့ နာယကနှင့် ပြည်နယ်အမျိုးသမီး ရေးရာဥက္ကဋ္ဌတို့က ငွေသားဆုနှင့် ဆုတံဆိပ်များကို အသီးသီးချီးမြှင့်ပေးကြသည်။
မွန်ပြည်နယ်တွင် လူ့စွမ်းအားအရင်းအမြစ် ဖွံဖြိုးတိုးတက်စေရန် အားကစားကဏ္ဍမြှင့်တင် ဆောင်ရွက်ပေး လျက်ရှိသကဲ့သို့ နိုင်ငံတော်အတွက် ကျန်းမာသန်စွမ်းပြီး ထူးချွန် ထက်မြက်သော အားကစားသမား ကောင်းများစွာ ပေါ်ထွက်လာစေရန်၊ ပြည်နယ် အစိုးရအဖွဲ့မှလည်း ပြည်တွင်း၊ပြည်ပ အားကစားပြိုင်ပွဲများ စေလွှတ်ပေး၍ ပြည်နယ် ဂုဏ်ဆောင် အားကစားသမားကောင်းများ မွေးထုတ်ပေးခြင်းနှင့် ပြည်နယ်တွင်း၌ အားကစားကွင်းနှင့် အားကစားဥယျာဉ်များ တည်ဆောက်ပေးကာ လူငယ်နှင့် အားကစားကဏ္ဍကို အထူးအလေး ပေးပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)