ပလင်းကမ်းသာယာဆင်စခန်းရှိဆင်များအား ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ပိတ်ထားသည့်ကာလအတွင်း ဆင်စာဘူဖေးကျွေးမှု (၇၀) ကြိမ်ကျော်ရှိလာ

ညောင်ဦး ဩဂုတ် ၂၆

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ မြင်းခြံ-ပခုက္ကူ ကားလမ်းမကြီးဘေး၊ အနောက်ပုလင်းကျေးရွာအနီး ဧရာဝတီမြစ်ကမ်းဘေးတွင် ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာဆင်စခန်းပိတ်ထားစဉ်ကာလအတွင်း မြန်မာပြည်အရပ်ရပ်မှ ဆင်ချစ်သူများက ဆင်စာဘူဖေးကျွေးမှုများပြားလာကြောင်း ပလင်းကမ်းသာယာဆင်စခန်းတာဝန်ခံ ဦးမျိုးမင်းကို (လက်ထောက်မန်နေဂျာ) ထံက သိရသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်းက ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာဆင်စခန်းအား ကိုဗစ်-၁၉ ကူးစက်ရောဂါကြိုတင်ကာကွယ်သည့်အနေဖြင့် ၂၀၂၀ ပြည့်နှစ် မတ်လ ၂၅ ရက်နေ့မှစတင်ကာ ခေတ္တယာယီပိတ်ထားခဲ့ရာ မြန်မာပြည်အရပ်ရပ်ရှိ ဆင်ချစ်သူများက Online မှတစ်ဆင့် ဆင်စာဘူဖေးကျွေးမွေးလှူဒါန်းလျက်ရှိရာ ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ဆင်စခန်းပိတ်ထားသည့် ကာလအတွင်း ဆင်ဘူဖေးကျွေးသူများပြားလာကာ (၇၀) ကြိမ်ကျော်ထိ ဆင်စာဘူဖေးကျွးမှုများပြားလာပြီး နောက်ထပ်ကျွေးမွေးဖို့ Online မှလည်း ကြိုတင်ချိတ်ဆက်မှုများလည်း ရှိနေသေးကြောင်း ဆင်စခန်းတာဝန်ခံ ဦးမျိုးမင်းကိုထံက သိရသည်။

မြန်မာနိုင်ငံ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ဆင်စခန်း (၂၂) ခုထိ ဖွင့်လှစ်ထားရှိထားပြီး ဆင်စာဘူဖေးကျွေးမွေးလှူဒါန်းလိုပါက ဆင်စခန်းအမည်များနှင့် Page များတွင် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း၊ ဆင်စာအဖြစ် ကြံ၊ နေပီယာမြက်၊ ငှက်ပျောသီး၊ ဖရုံသီး၊ ဖရဲသီး၊ သခွားသီး၊ သရက်သီး၊ အုန်းသီး၊ ပြောင်းဖူးများကို အဓိကကျွေးကြကာ ရာသီပေါ်သီနှံများအားကျွေးမွေးကြကာ ဆင်စာဘူဖေးတစ်ခါကျွေးလျှင် သုံးသောင်းကျပ်မှငါးသောင်းကျပ်ထိလှူဒါန်းကြကာ တစ်နေ့စာ ဆင်ခုနှစ်ကောင်အတွက် တစ်သိန်းကျပ်လှူဒါန်းနိုင်ကြောင်း သိရသည်။ ပလင်းကမ်းသာယာဆင်စခန်း ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ပိတ်ထားစဉ်ကာလအတွင်း ဖုံးဖြင့်ဖြစ်စေ၊ ဆင်စခန်း Page များမှတဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ပလင်းကမ်းသာယာဆင်းစခန်း တာဝန်ခံ လက်ထောက်မန်နေဂျာ ဦးမျိုးမင်းကို ဖုံး (၄၂၉၂၉၃၂၄၈) သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်းသိရကာ ကိုဗစ်-၁၉ ကူးစက်ရောဂါကာလအတွင်း ဆင်စာဘူဖေးကျွးမှု (၇၀) ကြိမ် ကျော်ခဲ့ပြီဖြစ်ကြောင်း မြို့အခြေပြုခရီးသွားလုပ်ငန်းဖွံ့ဖြိုးမှုအတွက် ဖွင့်လှစ်သည့်ဆင်စခန်းများ ကိုဗစ်-၁၉ ကာလ ဆင်စာခက်ခဲလျက်ရှိကာ တောတောင်၊ ရေမြေသဘာဝ အခြေခံဖွင့်လှစ်ထားသည့် ဆင်စခန်းများရှိဆင်များအတွက် အစာရေစာမခက်ခဲကြောင်း သိရသည်။

ကိုထိန်၊KPD