ကချင်ပြည်နယ်၀န်ကြီးချုပ်၏ဇနီး ဒေါ်နန်ဆိုင်း ခမ်းတီလုံပညာဒါနပရဟိတကျောင်းနှင့် မေတ္တာရှင်သားဖွားခန်းတို့အား ထောက်ပံ့ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်

ပူတာအို   ဇန်နဝါရီ   ၂၄

ကချင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ကချင်ပြည်နယ်၀န် ကြီးချုပ်၏ဇနီး ဒေါ်နန်ဆိုင်းသည် ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ များနှင့်အတူ ဇန်နဝါရီ(၂၃)ရက် မွန်းလွဲ (၂)နာရီက ပူတာအိုမြို့ရှိ ခမ်းတီလုံပညာဒါနပရဟိတကျောင်းနှင့် ဒုတ္ထန်ရပ်ကွက် မေတ္တာရှင်သားဖွားခန်းတို့အတွက် ထောက်ပံ့ရေးပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ကချင်ပြည်နယ်၀န်ကြီးချုပ်၏ဇနီး ဒေါ်နန်ဆိုင်းနှင့်တာ၀န်ရှိသူများသည် ပူတာအိုမြို့ ဟိုခိုရပ်ကွက် ဇေယျသိဒ္ဓိကျောင်း တိုက်တွင်ဖွင့်လှစ်ထားသော ရှမ်းမျိုးနွယ်စုဝင် ခမ်းတီလုံ ပညာဒါနပရဟိတကျောင်းရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား သွားရောက် တွေ့ဆုံအားပေးစကားပြောကြားပြီး ပြည်နယ်၀န်ကြီးချုပ်၏ဇနီးနှင့် တာ၀န်ရှိသူများက ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအတွက် ခြေအိတ်(၂၂၈)စုံ၊ နှာခေါင်းစည်း Mask (၄၀၀၀)ခု၊ လက်သန့်ဆေးရည် (၅)ဗူးနှင့် ဆရာ/ဆရာမ(၁၂)ဦးအတွက် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ထိုမှတစ်ဆင့် ပြည်နယ်၀န်ကြီးချုပ်၏ဇနီး ဒေါ်နန်ဆိုင်းနှင့် တာ၀န်ရှိသူများသည် ပူတာအိုမြို့  ဒုတ္ထန်ရပ်ကွက်ရှိ မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ပိုင် မေတ္တာရှင်သားဖွား‌‌ဆေးခန်းတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့၀င်များ၊ကျန်းမာရေး ဆရာမများနှင့်တွေ့ဆုံကာ ယခင်အောက်တိုဘာလအတွင်းလာရောက်စဉ် သားဖွားခန်း၌ ဆေးနှင့်ဆေးပစ္စည်းများ လိုအပ်ချက်ရှိ နေသည်ကို တွေ့ရှိရသည့်အတွက် ယခုလာရောက်ဖြည့်ဆည်းပေးရခြင်းဖြစ်ကြောင်းနှင့် အားပေးစကားပြောကြားပြီး  မေတ္တာရှင် သားဖွားခန်းအတွက် လိုအပ်လျက်ရှိသော ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ၊ ကျန်းမာ‌ရေးဆရာမများအတွက် ထောက်ပံ့ငွေ များနှင့်ဆေးဝါးပစ္စည်းများကို ထောက်ပံ့ပေးအပ်လှူဒါန်းပေးခဲ့ကြောင်းသိရသည်။

ဖုန်ကန်(ပူတာအို)