မောက်မယ် အောက်တိုဘာ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ်တွင် လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်၁၉ ရောဂါနှင့်ပတ်သက်၍ ကူးစက်ခံရမှုနှုန်းလျော့နည်းလာစေရန် ၊ ဤမြို့နယ်အတွင်း၌ အိုမီခရွန်(Omicron) ကိုဗစ်၁၉မျိုးဗီဇပြောင်းရောဂါကူးစက်မှုမှကင်းဝေးကြရန် ရည်ရွယ်၍ ဒေသခံမိဘပြည်သူများအား ကျယ်ကျယ်ပြန့်ပြန့်သိရှိရန်အတွက် မြို့နယ်ကိုဗစ်၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်၏ ကြီးကြပ်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သောပူးပေါင်းအဖွဲ့နှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ယမန်နေ့နံနက်၇နာရီခွဲတွင် အိုမီခရွန်(Omicron) နှင့်ပတ်သက်သော ဗီနှိုင်းပိုစတာများစိုက်ထူခြင်းနှင့် နမ့်ယွမ်းသတင်းစကား လက်ကမ်းစာစောင် ဖြန့်ဝေခြင်းလုပ်ငန်းများကို စည်ပင်သာယာမြို့မဈေးအတွင်း/ဈေးရှေ့နှင့် မင်းလမ်းတစ်လျောက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါအိုမီခရွန်(Omicron)နှင့်ပတ်သက်သောပိုစတာများကို လူအများမြင်သာသောနေရာဖြစ် သည့် မြို့အဝင်ဂိတ် ၊ မြို့မဈေးရှေ့ ၊ မြို့နယ်ပြန်/ဆက်ရုံးရှေ့တွင် စိုက်ထူခြင်းနှင့် နမ့်ယွမ်း သတင်း စကားလက်ကမ်းစာစောင်များတွင် အိုမီခရွန်(Omicron) ကိုဗစ်၁၉မျိုးဗီဇပြောင်း ရောဂါပိုးများကို သတိပြုကာကွယ်ရန်နည်းလမ်းများ၊ ကာကွယ်ဆေးထိုးနှံမှုကိုအကြိမ်ပြည့် ထိုးနှံရန် ၊ လူထူထပ် သောနေရာများတွင်သွားရောက်ခြင်းရှောင်ရန် ၊ တစ်ဦးနှင့်တစ်ဦး ၆ ပေ အကွာတွင်နေထိုင်ရန် ၊ အပြင်သွားတိုင်း နှာခေါင်းစည်း(Mask)စနစ်တကျတပ်ရန်၊ ၂၀စက္ကန့် ကြာအောင် စနစ်တကျလက်ဆေးနည်း ၊ နှာချေ/ချောင်းဆိုးပါကနှာခေါင်းနှင့်ပါးစပ်ကို လက်ကိုင်ပုဝါဖြင့်အုပ်၍နှာချေရန်၊ သံသယရှိသူကိုတွေ့ရှိပါက ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ ၊ နီးစပ်ရာဆေးရုံ ၊ ဆေးခန်းများနှင့် ကျန်းမာရေးဌာနများသို့ အမြန်ဆုံးဆက်သွယ် သတင်းပေးပို့စမ်းသပ်ကုသကြရန် စသည့်အကြောင်းအရာများနှင့်ဓါတ်ပုံများဖြင့် ကဏ္ဍစုံလင်စွာ ထည့်သွင်းဖော်ပြထားပြီးအခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်( မောက်မယ်)