ကျောက်ဆည်မြို့နယ်တွင် သီးနှံမျိုးစုံ(၁၁၇၃)ဧက ရေပေးဝေနေသည့် အထက်လင်းဇင်းမြောင်းအား ပြန်လည်ပြုပြင်

ကျောက်ဆည် ဇန်နဝါရီ ၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးသီးနှံများ စိုက်ပျိုးရာတွင် ရေပြည့်ဝစွာပေးဝေနိုင်ရေးအတွက် သဲနှုန်းများတူးဖော်ပေးခြင်း၊ မြောင်းကြမ်းပြင်များနှင့် မြောင်းဘောင်နံရံများအား ပြန်လည်ပြုပြင်ပေးခြင်း၊ ရေပေးပြွန်များအား အသစ်ပြောင်းလဲတပ်ဆင်ပေးခြင်း၊ ရေတံခါးများနှင့် ရေကျအဆောက်အဦးများအား ပြန်လည် ပြုပြင်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း စသည့် လုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိရာ  ၂၀၂၁-၂၀၂၂  ဘဏ္ဍာနှစ်တွင် သီးနှံမျိုးစုံ (၁၁၇၃) ဧက ရေပေးဝေနေသည့် အထက်လင်းဇင်းမြောင်းအား ကြမ်းခင်းကွန်ကရစ်လောင်းခြင်းနှင့် ပျက်စီးနေသည့် ကျောက်ဆလံများအား ပြန်လည်ပြုပြင်လျက်ရှိကြောင်း သိရှိရသည်။

ကြမ်းခင်းကွန်ကရစ်လောင်းခြင်းနှင့် ပျက်စီးနေသည့် ကျောက်ဆံလံများအား ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို သံရွာကျေးရွာအနီးရှိ ငပြောင်ဆည်ရေသောက်စနစ်ဖြင့် စိုက်ပျိုးရေများပေးဝေနေသည့် အကျယ်(၇)ပေရှိသော အထက်လင်းဇင်းမြောင်း၏ အာဒီ ၀+၁၀၀ မှ အာဒီ ၀+၈၀၀ အတွင်းရှိ အလျား(၇၀၀)ပေ အတိုင်းအတာဖြစ်ကြောင်း သိရှိရကာ လုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ်(၇၀)သန်း အကုန်အကျခံကာမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်သောကြောင့် မြောင်းဘောင်များ ကြံ့ခိုင်ကောင်းမွန်ပြီး အဆိုပါမြောင်းမှ ရေပေးဝေနေသည့် သီးနှံမျိုးစုံစိုက်ဧက (၁၁၇၃)ဧကအား ရေလိုအပ်ချိန်တွင် ရေစီးရေ လာပိုမိုကောင်းမွန်ကာ မြောင်းဆုံးမြောင်းဖျားအထိ သတ်မှတ်ရေပမာဏပြည့်ဝစွာ ပေးဝေနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)