စစ်တွေ ဇန်နဝါရီ ၂၄
၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် ၂၅ နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် အောင်ပွဲရ ရခိုင်ပြည်နယ် အမျိုးသမီး ဘောလုံးအသင်းသည် ယမန်နေ့ နံနက်ပိုင်းတွင် တပ်မတော် လေယာဉ်ဖြင့် နေပြည်တော်မှ စစ်တွေမြို့သို့ ရောက်ရှိလာရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ဌာနဆိုင်ရာများ၊ ရခိုင်ပြည်နယ် ယဉ်ကျေးမှူးအဖွဲ့မှ သမီးပျိုလေးများနှင့်အတူ ရခိုင်စည်တော်အဖွဲ့တို့က အောင်စည်တီး၍ ဂုဏ်ပြုကြိုဆိုကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက လေဆိပ် ဧည့်ခန်းမဆောင်၌ အောင်ပွဲရအားကစားသမားများနှင့် အုပ်ချုပ်သူ၊ နည်းပြများအား တွေ့ဆုံကာ နှုတ်ဆက်ဂုဏ်ပြုစကား ပြောကြားကြသည်။
ဆက်လက်၍ အောင်ပွဲရ အားကစားသမားများသည် အုပ်ချုပ်သူ၊ နည်းပြများနှင့်အတူ စစ်တွေလေဆိပ်မှ မော်တော်ယာဉ်ဖြင့် လေယာဉ်ကွင်းလမ်း၊ လေယာဉ်ကွင်း လမ်းဆုံမှ မေယုလမ်းအတိုင်း နာစင်အထိ ထိုမှတစ်ဆင့် လမ်းမကြီးအတိုင်း၊ လမ်းမကြီးမှ စက်ရုံလမ်း၊ ထို့မှတစ်ဆင့် မင်းဗာကြီးလမ်းအတိုင်း မင်းဗာကြီးလမ်းမှ မေယုလမ်းရှိ ပြည်နယ်အားကစား နှင့်ကာယပညာဦးစီးဌာနရုံးထိ လှည့်လည်ပြီး ဂုဏ်ပြုအောင်ပွဲခံကြသည်။
အောင်ပွဲရအားကစားသမားများနှင့် အုပ်ချုပ်သူ၊ နည်းပြများသည် စစ်တွေမြို့တွင်းသို့ မော်တော်ယာဉ်ဖြင့် လှည့်လည်ဂုဏ်ပြုအောင်ပွဲခံကြစဉ် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အားကစား ဝါသနာရှင်မိဘပြည်သူများက သောင်းသောင်းဖြဖြ ဂုဏ်ပြု ကြိုဆိုကြပြီး ဂုဏ်ပြုပန်းစည်းများ၊ ဆုတော်ငွေများ၊ အချိုရည်၊ သောက်ရေသန့်နှင့် အောင်သပြေများဖြင့် ဂုဏ်ပြုချီးမြှင့် ကြိုဆိုကြသည်။
အောင်ပွဲရ ရခိုင်ပြည်နယ် အမျိုးသမီးဘောလုံးအသင်းသည် ပွဲစဉ်အုပ်စုပွဲတွင် နေပြည်တော် အမျိုးသမီး အသင်းကို ၅ ဂိုး ၁ ဂိုး၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို ၃ ဂိုး ၁ ဂိုး၊ ကွာတားဖိုင်နယ်တွင် ဧရာဝတီ တိုင်းဒေသကြီး အသင်းကို ၃ ဂိုး၊ ၂ ဂိုး၊ ဆီမီးဖိုင်နယ်တွင် မွန်ပြည်နယ်အသင်းကို ၃ ဂိုး၊ ဂိုးမရှိနှင့် ဗိုလ်လုပွဲတွင် ရှမ်းပြည်နယ်အသင်းကို ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိပြီး တံခွန်စိုက်ဒိုင်းဆုကြီးကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့သည်။
၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် ၂၅ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ များကို ဇန်နဝါရီ ၇ ရက်နေ့မှ ၂၁ ရက်နေ့ထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်၌ ပြိုင်ပွဲဝင် အသင်း ၁၃ သင်းဝင်ရောက် ယှဉ်ပြိုင် ကစားခဲ့ကြသည်။
တင်ထွန်း(ပြန်/ဆက်)