မော်လမြိုင်မြို့ကျက်သရေဆောင် ဆံတော်ရှင်ဦးဇိနစေတီတော်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှုခြင်း ဒုတိယအကြိမ် အလှုငွေပေးအပ်

မော်လမြိုင်     ဇန်နဝါရီ       ၂၃

ကိုဗစ်-၁၉အလွန်ကာလများတွင် ဘုရားဖူးပြည်သူများ  စိတ်အေးချမ်းသာစွာ ကုသိုလ်ယူနိုင် ကြရေးအတွက် မော်လမြိုင်မြို့ကျက်သရေဆောင် ဆံတော်ရှင်ဦးဇိနစေတီတော်ကြီး   လုံးတော်ပြည့်  ရွှေသင်္ကန်းကပ်လှုခြင်း၊  ရွှေစင်၊ ရွှေပြား ကပ်လှုခြင်း၊ စိန်ဖူးတော်၊   ငှက်မြတ်နားတော်၊   ထီးတော် တို့အား အကြီးစား ပြုပြင်မွမ်းမံခြင်း လုပ်ငန်းများဖြင့် ပူဇော်နိုင်ရန် ဒုတိယအကြိမ် အလှုငွေပေးအပ် ခြင်းကို  ယနေ့နံနက်ပိုင်းက  အဆိုပါ  ဆံတော်ရှင် ဦးဇိနစေတီတော်၏   ဝေသန္တရာတန်ဆောင်းတွင် ကျင်းပသည်။ 

အလှူငွေပေးအပ်ပွဲသို့ မော်လမြိုင်မြို့၊ ရွှေပရိယတ္တိစာသင်တိုက်မှ ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တပညာဝံသ အမှူးပြု၍ ပင့်ဖိတ်တော်မူသော ဆရာတော်ကြီးများ၊ မွန်ပြည်နယ် ဝန်ကြီးချုပ်ဦးဇော်လင်းထွန်းနှင့်ဇနီး၊ပြည်နယ်ဝန်ကြီးများ၊ပြည်နယ်တရားလွှတ်တော်တရားသူကြီး၊  ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊   ဂေါပက အဖွဲ့ဝင်များနှင့်  အလှူရှင်များတက်ရောက် ကြပြီး အခမ်းအနားကို  “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပေး၍ရွှေပရိယတ္တိ စာသင်တိုက်  ဆရာတော်ထံမှ  ငါးပါးလီလခံယူဆောက်တည်ကာ ဆရာတော်၊ သံဃာတော်များ က ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဈာယ်ချီးမြှင့်ပေးပြီးနောက်  ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ 

ဆက်လက်၍ ဆံတော်ရှင် ဦးဇိနစေတီတော်မြတ်ကြီးလုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ရန်အတွက် ဒုတိယအကြိမ် အလှူရှင်များက စုပေါင်းအလှူတော်ငွေ ကျပ်သိန်း ၃၀၀၀  ကျော်အား ပေးအပ်လှူဒါန်းကြရာပြည်နယ်၀န်ကြီးချုပ်နှင့်တာဝန်ရှိသူများက  လက်ခံရယူ ပြီးဂုဏ်ပြုမှတ်တမ်း လွှာပြန်လည်ပေးအပ်ကာ အနုမောဒနာတရားနာယူ၍  လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေသည်။ 

မော်လမြိုင်မြို့ ကျက်သရေဆောင်  ဦးဇိနစေတီတော်မြတ်ကြီး၏   စိန်ဖူးတော်၊ ငှက်မြတ် နားတော်နှင့် ငှက်ပျောဖူးတော်တို့တွင်  ၉  လက်မ ပတ်လည်  ၁  ကျပ်သား ရွှေစင်၊ ရွှေပြား   ၄၅၀ ချပ်နှင့် ထီးတော်၊ ကြာမှောက် ကြာလန်၊ ဖောင်းကိုးရစ်၊ ပန်းဆွဲ၊  ခေါင်းလောင်းတို့တွင် ၂  လက်မ ပတ်လည် ရွှေဆိုင်း ၂၈၀၀ ဆိုင်း ကပ်လှူပူဇော်မည်ဖြစ်ကြောင်း သိရသည်။ 

 ဇာဖြူဝင်း(ပြန်/ဆက်)