မြစ်သား ဇန်နဝါရီ ၂၃
မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်လမ်းခွကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ "သုတပျိုးခင်း"စာကြည့်တိုက်ဖွင့်ပွဲနှင့် အဆောက်အဦ လှူဒါန်းအပ်နှံပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲ အချိန်က အဆိုပါ ကျောင်းဝန်းအတွင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာသုတပျိုးခင်းစာကြည့်တိုက်အဆောက်အဦရှေ့တွင် မြစ်သားမြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးခိုင်၊ ဒုတိယမြို့နယ်ပညာရေးမှူးဦးကျော်ဟန်နှင့် စာကြည့်တိုက်အလှူရှင် အငြိမ်းစားပညာရေးမှူး ဆရာမကြီး ဒေါ်အမာတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
ယင်းနောက်အခမ်းအနားအစီအစဉ် ဒုတိယပိုင်းတွင် မြစ်သားမြို့နယ်အထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးခိုင်ကအဖွင့်အမှာစကားပြောကြားခြင်း၊ ဒုတိယမြို့နယ်ပညာရေးမှူးဦးကျော် ဟန်ကစာကြည့်တိုက်ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင့် စာပေလေ့လာဖတ်ရှုရခြင်း၏ အကျိုးကျေးဇူးများ အားရှင်းလင်းပြောကြားခြင်း၊ စာကြည့်တိုက်အလှူရှင် အငြိမ်းစားပညာရေးမှူးဆရာမကြီး ဒေါ်အမာက စာကြည့်တိုက်အဆောက်အဦ လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ဝမ်းသာပီတိစကားပြောကြားခြင်း၊ ကျောင်းအကျိုးတော်ဆောင် ဦးကျော်နိုင်ဝင်းက ကျေးဇူးတင်စကားပြောကြားခြင်း၊ လမ်းခွအခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြွယ်ရီဆွေမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်ပြီး အလျား ၁၈ပေ အနံ ၁၉ပေ၊ အမြင့်၁၈ပေရှိ RC တစ်ထပ်၊ ငွေကျပ်သိန်း ၆၀ တန်ဖိုးရှိ "သုတပျိုးခင်း"စာကြည့်တိုက်အဆောက်အဦနှင့် ပတ်သက်သည့်မှတ်တမ်းများလွှဲပြောင်းအပ်နှံခဲ့ရာ တာဝန် ရှိသူများကလက် ခံရယူခဲ့ကြပြီး အလှူရှင်အားဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ စာကြည့်တိုက်ကော်မတီဝင်များ၊ အလှူရှင်မိသားစုများနှင့်ကျေးရွာသူကျေးရွာသားများ တက်ရောက်ခဲ့ကြောင်းသိရှိရသည်။
မြတ်မြတ်မွန်