နမ္မတူ ဇန်နဝါရီ ၂၃
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ နမ္မတူမြို့နယ်ဦးစီးမှူးရုံးမှ မန်စံကျေးရွာ အုပ်စုအတွင်းရှိ သတ်မှတ်ချက်များနှင့်ကိုက်ညီသည့် တိုင်းရင်းသားပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ခြင်းနှင့် ထပ်မံရရှိစေရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ဇန်နဝါရီလ (၂၂)ရက်နေ့က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့ နယ်၊ မန်စံကျေးရွာ၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ နမ္မတူမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းထွန်းလှက ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးသည့် လုပ်ငန်းစဉ် (၄)မျိုး၊ နိုင်ငံသားတိုင်း အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိကိုင်ဆောင်နိုင်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားပြီး ပန်းခင်းစီမံချက်ဆိုင်ရာ သိမှတ်ဖွယ်ရာလက်ကမ်းစာစောင် (၁၅၀)စောင်အား အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အခမဲ့ ဖြန့်ဝေပေးခဲ့သည်။
ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ နမ္မတူမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ် ဦးစီးမှူးအပါအဝင် ဝန်ထမ်း ၅ ဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် မိတ်ဆွေကောင်း လူမှုကူညီရေးအသင်းတို့ပူးပေါင်း၍ မန်စံကျေးရွာအုပ်စု၊ မန်စံကျေးရွာတွင် ပန်းခင်း စီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ထားသည့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၅၀) ကတ်အား ဒေသခံတိုင်းရင်းသားပြည်သူများ လက်ဝယ်အရောက်ပေးအပ်ခဲ့သည်။
ဆက်လက်၍ မြို့နယ်ဦးစီးမှူးနှင့်အဖွဲ့သည် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကို ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ တိုင်းရင်းသားပြည်သူအားလုံး နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရရှိကိုင်ဆောင်နိုင်ရေးအတွက် နမ္မတူမြို့နယ်၊ မန်စံကျေးရွာအုပ်စုအတွင်းရှိ ဒေသခံတိုင်းရင်းသားပြည်သူ နိုင်-၃ (က) လျှောက်ထားသူ (၁၁)ဦး၊ နိုင်-၆ (က) လျှောက်ထားသူ (၅)ဦး၊ နိုင်ငံသားစိစစ်ရေးလဲလှယ်သူ (၁၀)ဦး၊ စုစုပေါင်း (၂၆)ဦးတို့ကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးနိုင်ရေး ထပ်မံ၍ အတည်ပြုလက်ခံ ဆောင်ရွက်ပေးခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ နမ္မတူမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းထွန်းလှထံက သိရသည်။
လူမော် (ပြန်/ဆက်)