မွန်ပြည်နယ်တွင် အားကစားကဏ္ဍအဆင့်မြင့်မားရေး စွမ်းရည်ထက်မြက်သည့် နိုင်ငံ့လက်ရွေးစင်အားကစားသမားကောင်းများ မွေးထုတ်ပေးလျက်ရှိ

မော်လမြိုင်     ဇန်နဝါရီ    ၂၃

အားကစားနှင့်   လူငယ်ရေးရာဝန်ကြီးဌာန၊ မွန်​ပြည်နယ်အားကစားနှင့်   ကာယပညာဦးစီး ဌာနက ကြီးမှူး၍ အားကစားနည်းအလိုက် ပြိုင်ပွဲများကို ကျင်းပပေးရာတွင်  ၂၀၂၂ခုနှစ်၊ မွန်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် အသက် (၂၅)နှစ်အောက်အမျိုးသမီးကိုယ်ကာယကြံ့ခိုင် မှုလေ့ကျင့်ခန်းပြိုင်ပွဲ   ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်၉နာရီခွဲက   မော်လမြိုင်မြို့၊  ဖက်တန်းရပ်၊ပြည်နယ်အားကစားခန်းမတွင် ကျင်းပခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့်ဇနီး ၊ ပြည်နယ်ဝန်ကြီးများနှင့်ဇနီး၊   ဌာနဆိုင်ရာတာဝန်ရှိသူများ၊   ပြိုင်ပွဲဝင်  အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။

အခမ်းအနားတွင်   ပြည်နယ်ဝန်ကြီးချုပ်က  နိုင်ငံတော်မှ  တစ်မျိုးသားလုံး  ကျန်းမာကြံ့ခိုင်မှုရှိရေး  အားကစားကဏ္ဍကို   အဆင့်မြှင့်တင်ပေးလျက်ရှိကြောင်း၊ မွန်ပြည်နယ် အနေဖြင့် အားကစား နည်းများအလိုက် တိုင်းဒေသကြီး/ပြည်နယ် အားကစားပြိုင်ပွဲများ ယှဉ်ပြိုင်လျက်ရှိရာအောင်မြင် မှုလည်းရှိကြောင်း၊ ပြိုင်ပွဲများကျင်းပပေးခြင်းဖြင့် မြို့နယ်၊ ခရိုင်အဆင့်မှသည် ပြည်နယ် ဂုဏ်ဆောင် လက်ရွေးစင် ထူးချွန် အားကစားသမားများ  ပေါ်ထွက်လာမည်ဖြစ်ကြောင်း၊တိုင်းဒေသကြီး/  ပြည်နယ်အဆင့်ပြိုင်ပွဲများတွင်  အမျိုးသမီး  ကိုယ်ကာယကြံ့ခိုင်မှု  လေ့ကျင့်ခန်း ပြိုင်ပွဲဖြင့်  မွန်ပြည်နယ်မှ အဆင့်အတန်းမီအရည် အချင်းရှိစွာ ပါဝင်ယှဉ်ပြိုင်နိုင်ရန် ဖြစ်ကြောင်းနှင့် ကျန်းမာကြံ့ခိုင် ပြည့်မဏ္ဍိုင် ဟုဆိုသည့်အတိုင်း တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးတွင် အမျိုးသမီးများ အခန်းကဏ္ဍ ပါဝင်လျက်ရှိကြောင်း  အမှာစကား ပြောကြားသည်။

ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အားကစားသမားများ၏ အားကစားသစ္စာ အဓိဋ္ဌာန်ရွတ်ဆိုမှုနှင့်  ပြိုင်ပွဲဝင်အသင်းများ၏   ကိုယ်ကာယကြံ့ခိုင်မှု  လေ့ကျင့်ခန်း (အေရိုးဗစ်) သရုပ်ပြပေးမှုကို   ကြည့်ရှုအားပေးသည်။  အဆိုပါပြိုင်ပွဲတွင်   မွန်ပြည်နယ်(၁၀)မြို့နယ် အတွင်းမှ တစ်မြို့နယ်လျှင် အမျိုသမီးငယ်(၁၂)ဦးတို့က အသင်းလိုက် ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

မွန်ပြည်နယ်တွင်  လူ့စွမ်းအားအရင်းအ​မြစ်  ဖွံဖြိုးတိုးတက်စေရန်  အားကစားကဏ္ဍမြှင့်တင် ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့  နိုင်ငံတော်အတွက် ကျန်းမာသန်စွမ်းသည့် ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများစွာ  ပေါ်ထွက်လာစေရန်၊  ပြည်နယ်အစိုးရအဖွဲ့မှလည်း  ကောင်းမွန် သောယှဉ်ပြိုင်မှုများ ပါဝင်ယှဉ်ပြိုင်နိုင်ကြစေရန် ပြည်တွင်း၊ပြည်ပအားကစားပြိုင်ပွဲများစေလွှတ်ပေးခြင်းနှင့်   ပြည်နယ်တွင်း၌လည်း  အားကစားကွင်းနှင့် အားကစားဥယျာဉ်များ တည်ဆောက်ပေးပြီးလူငယ်နှင့်အားကစားကဏ္ဍကို အထူးအလေးပေး  ပံ့ပိုးကူညီဆောင်ရွက်  ပေးလျက်ရှိကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)