ခရမ်း ဩဂုတ် ၂၆
ကိုဗစ်-၁၉ ရောဂါကြောင့် စီးပွားရေးအပေါ် ထိခိုက်မှု သက်သာရေးစီမံချက်(CERP)အရ ကန့်သတ်ချက်များ ဖြေလျှော့ပြီးနောက် မွေးမြူ ထုတ်လုပ်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပြန်လည်ဖော်ဆောင် နိုင်ရန် တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ထုတ်လုပ်မှု လုပ်ငန်းများ တိုးတက်လာစေရန် ရည်ရွယ်၍ ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်း မြို့နယ်၊ ရေကျော်ကျေးရွာ ဘုန်းတော်ကြီး ကျောင်းဓမ္မရုံတွင် ယနေ့ နံနက် ၈ နာရီက သိုး/ဆိတ်မွေးမြူရေးသင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာကျော်ကျော်က တစ်ပိုင် တစ်နိုင်နှင့် စီးပွားဖြစ် သိုး/ဆိတ်မွေးမြူခြင်းဖြင့် မိသားစုဝင်ငွေ တိုးပွားကာ ရရှိမည့် အကျိုးအမြတ်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဒုတိယမြို့နယ်ဦးစီးမှူး ဒေါက်တာ အေးမင်းက သိုး/ဆိတ် အမျိုးအစားများအလိုက် ကျန်းမာရေးနှင့် ညီညွတ်စွာ စနစ်တကျ ပြုစုမွေးမြူနည်း၊ သိုး/ဆိတ်များတွင် ရာသီအလိုက် အများဆုံးဖြစ်ပွားတတ်သော ရောဂါများအကြောင်း၊ ကူးစက်ရောဂါများ မဖြစ်ပွား အောင် ကြိုတင်ကာကွယ်နည်းများ၊ ကုသနည်းလမ်းများ၊ သိုး/ဆိတ်များအား ပြည်တွင်းသို့ တင်ပို့ခြင်းနှင့် စျေးကွက်အခြေအနေ အကြောင်းများကို ရှင်းလင်းဟောပြောပို့ချခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းသို့ သင်တန်းသား/သင်တန်းသူ ၂၅ ဦး တက်ရောက်လျက်ရှိပြီး မြို့နယ်အတွင်း အုပ်စု ကျေးရွာများတွင်လည်း သင်တန်းများ ဆက်လက်ဖွင့်လှစ်ပို့ချမည်ဟု မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ကျော်ကျော်က ပြောကြားခဲ့သည်။
ကိုမင်း(ခရမ်း)