ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကျေးရွာ သုံးရွာတွင် အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ပတ်သက်၍ အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်

မိတ္ထီလာ   ဇန်နဝါရီ  ၂၃

မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ်တွင်  အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ပတ်သက်သည့် အသိပညာပေးခြင်းလုပ်ငန်းများကို  ယမန်နေ့က ကံကြီးကျေး ရွာ၊ ကုန်းကြီးကျေးရွာနှင့် ကျောင်းကုန်းကျေးရွာတို့တွင် ဆောင်ရွက်ခဲ့ကြောင်း  သိရသည်။

အသိပညာပေးဆောင်ရွက်ရာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှမြို့နယ် ဦးစီးမှူး ဦးဝင်းနိုင်ဦးက သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျော ညီထွေရှိပြီး ရေရှည်ဖွံ့ဖြိုး တိုးတက်သော ကျေးရွာများ ပေါ်ထွက်လာစေရေးနှင့် ကျေးရွာလူနေမှုဘဝ အဆင့်မြှင့်မားလာစေရန် ရည်ရွယ် ၍ ကျေးလက် ရေရရှိရေးစီမံကိန်း၊VDPစီမံကိန်းနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော ကျေးရွာများမှ ကော်မတီဝင်များအား အစိမ်းရောင်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်း၏ ရည်ရွယ်ချက်၊ အကျိုးကျေးဇူးနှင့် ဆောင်ရွက်ရမည့် နည်းလမ်းများအကြောင်းကို သိရှိစေရန် ယခုကဲ့သို့ အစိမ်းရောင် ကျေးလက်ဖွံ့ဖြိုးရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက် ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် စိုက်ပျိုးရေး တာဝန်ခံမှ ရေထု၊ လေထု ညစ်ညမ်းမှုဖြစ်ပေါ်စေနိုင်သော အကြောင်းအရာများနှင့် ကာကွယ်ရေးနည်းလမ်းများ၊ စွန့်ပစ် အမှိုက်များ စီမံခန့်ခွဲမှုစနစ်၊ ယင်လုံအိမ်သာ ကျင့်သုံးတက်စေရန်၊ စိုက်ပျိုးရေးနှင့် ပတ်သက်သည့် မြေယာပြုပြင်ခြင်း၊ မြေဆီလွှာ လှိုက်စားမှု ကာကွယ်ခြင်း၊ ဓာတုဗေဒသုံး စိုက်ပျိုးရေးပစ္စည်းများ လျော့ချသုံးစွဲခြင်းနှင့် သဘာဝမြေသြဇာ၊ အော်ဂနစ်သွင်းအားစုများ သုံးစွဲမှုမြှင့်တင်ခြင်း အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေးအသိပညာပေးခြင်းကို မြို့နယ်အတွင်းရှိ မြစိမ်းရောင် ကျေးရွာစီမံကိန်း၊ VDP စီမံကိန်း၊ ကျေးလက်ရေရရှိရေးစီမံကိန်းလုပ်ငန်းများ ဆောင်ရွက် လျက်ရှိသော ကျေးရွာများမှ ကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)