ဒိုက်ဦးမြို့နယ်၌ တစ်ပိုင်တစ်နိုင် ငါးချဉ်လုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် မိသားစုဝင်ငွေရရှိ 

ဒိုက်ဦး ဇန်နဝါရီ ၂၃

ပဲခူးတိုင်း​ဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့တွင်  ဒေသခံပြည်သူများမှာ အများအားဖြင့် ငါးချဉ်လုပ်ငန်းကို မိရိုးဖလာ တစ်ပိုင်တစ်နိုင် မိသားစုအိမ်တွင်းလုပ်ငန်းအ​ဖြစ် အဓိက လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ငါးချဉ်လုပ်ငန်းတွင် ငါးဖယ်ချဉ်၊ ငါးကြင်းချဉ်၊ ပုဇွန်ချဉ် စသဖြင့်​အမျိုးမျိုး ပြုလုပ် ရောင်းချလျက်ရှိရာ ကုန်ကြမ်းများဖြစ်သော ငါးဖယ်နှင့်ငါကြင်းများကို ရန်ကုန်မှ မှာယူကာ ငါးများကို​ ခေါင်းဖြတ် အ​ကြေးခွံများထိုးခြင်း၊ အသားလွှာခြင်းများ​ပြုလုပ်ပြီး ရရှိလာသော ငါးအသားလွှာများကို​ ငါးညှီနံ့စင်အောင် ရေကို (၁၀)ထပ်လောက် ဆေးပေးပြီး ရေစစ်ကန်တွင် ထည့်၍ ရေစစ်သွားအောင် ပြုလုပ်ရပါသည်။

ရေစစ်သွားသော ငါးသားလွှာများကို ကြိတ်စက်တွင် ထည့်ကာကြိတ်ပေးရပါသည်။ ကြိတ်ထားသော ငါးသားများကို ဆားနှင့်စေးအောင်နယ်ပေးရပြီး ထိုနယ်ထားပြီးသော ငါးများနှင့် ထမင်းကိုရောကာနှံ့​​ပြီးစေးနေအောင် ထပ်နယ်ပေးရပါသည်။ ထို့နောက် နယ်ထားပြီးသော ငါးများကို လက်တစ်ခုပ်စာလုံးပြီး တောင်စွန်ဖက်ကလေးများနှင့် ထုတ်ကာ နှီးများဖြင့် စည်းပေးရပါသည်။ ထိုအခါ ရောင်းတန်းဝင် ငါးချဉ်ထုပ်ကလေးများ ရရှိပါသည်။ 

အဆိုပါ ငါးချဉ်ထုပ်က​လေးများသည် ဓါတု​​ဆေးဝါး မပါရှိ​သောကြောင့် သဘာဝအတိုင်း ချဉ်ရန် (၂)ရက်ခန့်ထားပြီးမှ သုံးဆောင်ရပါသည်။ ထိုငါးချဉ်ထုပ်ကလေးများကို (၄)ထုပ်တစ်တွဲ စည်းကာ (၂၅၀၀)ကျပ်ဖြင့် ရောင်းချ​ကာ မိသားစုဝင်ငွေရရှိ၍ အဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။