ကျောက်ဆည်မြို့နယ် အရှေ့ငယ်တိုးကျေးရွာတွင် (၁၆)ကြိမ်မြောက် EXIM BANK ထုတ်ချေးငွေနှင့် အတိုးငွေများကောက်ခံရေး ညှိနှိုင်းဆွေးနွေးပွဲကျင်းပ

ကျောက်ဆည်  ဇန်နဝါရီ  ၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် သမဝါယမအသင်းစုလီမိတက်မှ (၁၆)ကြိမ်မြောက် EXIM BANK ထုတ်ချေးပေးထားသော ထုတ်ချေးငွေနှင့်အတိုးငွေများကောက်ခံရရှိရေး ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်၁၀နာရီက အရှေ့ငယ်တိုးကျေးရွာ၊ ရွာလယ်ဓမ္မာရုံတွင် အရှေ့ငယ်တိုးကျေးရွာ စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းလီမိတက်မှ အမှုဆောင်များ၊ အသင်းသားများနှင့် တွေ့ဆုံပြီး ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ဆွေးနွေးပွဲတွင် မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးသောင်းဌေးက အခြေခံသမဝါယမအသင်းစုလီမိတက်များမှ အသင်းဝင်တောင်သူများ လိုအပ်လျက်ရှိသော ချေးငွေများကို အတိုးနှုန်းသက်သာစွာဖြင့် EXIM BANK ချေးငွေအဖြစ် ထုတ်ချေးပေးခဲ့ရာ (၁၆) ကြိမ်မြောက်ရှိပြီဖြစ်ကြောင်း၊ အဆိုပါချေးငွေများ သက်တမ်းကာလပြည့်မြောက်ပြီးဖြစ်၍ ပြန်လည်ပေးဆပ်ပြီး တစ်ဖန်ထုတ်ချေးပေးနိုင်ရေး ကွင်းဆင်းဆွေးနွေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြား ခဲ့သည်။

ထို့နောက် ကျောက်ဆည်မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်လွင်နှင့် မြို့နယ်သမဝါယမအသင်းစုလီမိတက်ဥက္ကဋ္ဌ ဦးကျော်သန်းတို့က EXIM BANK ချေးငွေများကို သတ်မှတ်ကာလအတွင်း ပေးဆပ်နိုင်ရေး ချေးငွေကောက်ခံရေးအဖွဲ့ (၅)ဖွဲ့၊ ဖွဲ့စည်းဆောင်ရွက်ထားပါကြောင်းနှင့် မြို့နယ်သမဝါယမအသင်းစုလီမိတက်အနေဖြင့် EXIM BANK ချေးငွေအဖြစ် အခြေခံသမဝါယမ အသင်းပေါင်း (၁၅၂)သင်းတို့မှ အသင်းသားများအား ချေးငွေကျပ် (၄၇၈.၅၂၅)သန်း ထုတ်ချေးပေးထားကြောင်း မြို့နယ်သမဝါယမဦးစီးဌာနမှ  သိရှိရသည်။

တင်တင်ထွေး