ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှုမဖြစ်ပွားစေရေး ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား စနစ်တကျကြပ်မတ်ဆောင်ရွက်လျက်ရှိ

နေပြည်တော်  ဩဂုတ်  ၂၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်စေရေးအတွက် စနစ်တကျ ကြပ်မတ် ဆောင်ရွက်နေလျက်ရှိရာ ဩဂုတ်လ(၂၁)ရက်နေ့မှစတင်၍ နေပြည်တော် အဝင်ဂိတ် များတွင် ကိုယ်အပူချိန် တိုင်းတာခြင်း၊ မိမိတို့လာရောက်သည့် ဒေသ၏ အထောက်အထားများကို စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်စေရေးအတွက် ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းလုပ်ငန်းများ ဆောင်ရွက် နေမှုနှင့်စပ်လျဉ်း၍ နေပြည်တော် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက ‘‘ပြည်ထောင် စုနယ်မြေ၊ နေပြည်တော်အတွင်းမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်စေရေးအတွက် ကျွန်တော်တို့ တာဝန်ယူ ဆောင်ရွက် လျက်ရှိပါတယ်။ အဲလိုဆောင်ရွက်တဲ့အခါမှာ ရောဂါလက္ခဏာတွေ့ရှိရသူများကို ကြိုတင်ရှာဖွေပြီးတော့ စုံစမ်း ထောက်လှမ်းတဲ့ လုပ်ငန်းတွေကို ဆောင်ရွက်ပါတယ်။ နေပြည်တော်အတွင်းမှာရှိတဲ့ ပြည်သူ့ဆေးရုံများနဲ့ ပုဂ္ဂလိက ဆေးရုံ များမှာ အဖျားနဲ့လာတက်တဲ့ လူတွေထဲက သံသယဖြစ်ဖွယ် ရောဂါလက္ခဏာ ရှိတဲ့လူတွေကို နမူနာရယူ စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိပါတယ်။ ထို့အတူ နေပြည်တော်ထဲကို ဝင်လာတဲ့ ပြည်ပပြန်များကိုလည်း (၂၁)ရက် စောင့်ကြပ်ကြည့်ရှုတဲ့ လုပ်ငန်းကိုလည်း ဆောင်ရွက်နေ လျက်ရှိပါတယ်။

နေပြည်တော်အတွင်းကို ဝင်ရောက်လာတဲ့ ခရီးသွားများကိုလည်း ရောဂါဖြစ်ပွားရာဒေသ Stay Home သတ်မှတ်ထားတဲ့ ဒေသက ပါလာလို့ရှိရင် Quarantine ထားရှိပြီးတော့ စောင့်ကြပ်ကြည့်ရှု ဆောင်ရွက် နေလျက်ရှိပါတယ်။ ထို့အတူ လူစုလူဝေး မဖြစ်ဖို့အတွက်လည်း ကျွန်တော်တို့ စာသင်ကျောင်းတွေကို စနစ်တကျ ကြီးကြပ်ဆောင်ရွက်လျက်ရှိပါတယ်။ စားသောက် ဆိုင်များမှာလည်း ရောဂါကူးစက်ခြင်း မခံရစေရေးအတွက် ဆိုင်ထိုင်ရောင်းချမယ်ဆိုရင် ကျွန်တော်တို့က စစ်ဆေးပြီး ခွင့်ပြုချက် ရမှ ဆိုင်ထိုင် ရောင်းချခွင့်ပြုပြီးတော့ ဆိုင်တွေမှာလည်း ကိုဗစ်-၁၉ ကာကွယ်ရေးစည်းမျဉ်းများကို စနစ်တကျ လိုက်နာမှု ရှိ/မရှိ ကြီးကြပ် ဆောင်ရွက်လျက်ရှိပါတယ်။ အဲဒီလိုပဲ စက်ရုံအလုပ်ရုံ၊ ရုံးဌာနတွေမှာလည်း ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားနိုင်တဲ့ အန္တရာယ်ကို လျှော့ချတဲ့အနေနဲ့ အမြဲတမ်းစစ်ဆေး ကြပ်မတ် ဆောင်ရွက်လျက်ရှိပါတယ်။ အလားတူ အများပြည်သူများ စုဝေးရာဖြစ်တဲ့ မော်တော်ကားဂိတ်များ၊ ဘူတာရုံများမှာလည်း ကျန်းမာရေးအသိပညာပေးခြင်း၊ Mask တပ်စေခြင်းများကို စနစ်တကျ ဆောင်ရွက် စေလျက်ရှိပါတယ်။ နေပြည်တော်စည်ပင်သာယာရေးကော်မတီ လက်အောက်မှာရှိတဲ့ ဈေးများမှာလည်း ဈေးရောင်းချ သူများနဲ့ ဈေးဝယ်များကို Social Distancing အရဆောင်ရွက် စေလျက်ရှိပါတယ်။ ကျန်းမာရေး အသိပညာ ပေးခြင်းအနေဖြင့် အသံချဲ့စက်များအသုံးပြုပြီး ရပ်ကွက်နှင့် ကျေးရွာများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အကြောင်း အရာများကို လိုက်လံပြီးတော့ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေပါတယ်။

ကျွန်တော်တို့ နေပြည်တော်အနေနဲ့တော့ ၂၀၂၀ ဇန်နဝါရီလ ၂၈ ရက်နေ့ထဲကစပြီးတော့ ကိုဗစ်-၁၉ ရောဂါကာကွယ် နှိမ်နင်းရေး လုပ်ငန်းများကို ဆောင်ရွက်တဲ့အခါမှာ ကိုဗစ်-၁၉ ရောဂါ Positive (၂)ဦး တွေ့ရှိခဲ့ပြီး အဲဒီနှစ်ဦးလုံးမှာ ကုသပျောက်ကင်း ခဲ့ပြီးဖြစ်ပါတယ်။ ထို့အတူ စောင့်ကြပ် ကြည့်ရှုမှု ပေါင်း (၆၀၀၀) ကျော်ဆောင်ရွက်ခဲ့ပြီးတော့ Swab လို့ခေါ်တဲ့ တို့ဖက်နမူနာ ရယူစစ်ဆေးခြင်းကိုလည်း (၇၀၀၀)ကျော်ဆောင်ရွက်ပြီးကြောင်း ပြောကြားလိုပါတယ်။

ကျွန်တော်တို့ နေပြည်တော်မြို့အဝင်အထွက်ဂိတ်များတွင် ကျန်းမာရေးစစ်ဆေးမှုအနေဖြင့် (၂၁-၄-၂၀၂၀) ရက်နေ့က စတင် ဆောင်ရွက်ခဲ့ပြီးတော့ ဇူလိုင်လ ပထမပတ်မှာ ခေတ္တရပ်နားထားခဲ့ပါတယ်။ အခုဩဂုတ်လ (၂၁)ရက်နေ့မှာတော့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို Stay Home မြို့နယ် အဖြစ် သတ်မှတ်ထားတဲ့အတွက် ရောဂါကူးစက်မှုခံရသူများ နေပြည်တော်အတွင်းကို ဝင်ရောက်ခြင်း မရှိစေဖို့အတွက် ဩဂုတ်လ (၂၁)ရက်နေ့ကစပြီး နေပြည်တော်အဝင်ဂိတ်တွေမှာ ကိုယ်အပူချိန် တိုင်းတယ်၊ မိမိတို့လာရောက်တဲ့ဒေသရဲ့ အထောက်အထားများကို စစ်ဆေးဆောင်ရွက်လျက်ရှိပါတယ်။ အဲဒီလို စစ်ဆေးတဲ့အခါမှာ ရခိုင်ပြည်နယ်၊ စစ်တွေကနေပြန်လာတဲ့ခရီးသွားများ တွေ့ရှိရတာရှိပါတယ်။ အဲဒီလို တွေ့ရှိတဲ့အခါမှာ ကျွန်တော်တို့က (၂)ပတ် Quarantine ထားရှိခြင်းကို ဆောင်ရွက်ပါတယ်။

ကျွန်တော်တို့ နေပြည်တော်အနေနဲ့ ဝင်ပေါက်ဂိတ်ပေါင်း ဘူတာ၊ လေဆိပ်အပါအဝင် (၁၁) နေရာမှာ ကျန်းမာရေးဝန်ထမ်းတွေ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းတွေ၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ထမ်းတွေနဲ့ ပြည်သူ့ရဲတပ်ဖွဲ့ဝင် များနှင့်အတူ ဆောင်ရွက်နေလျက်ရှိကြောင်း ပြောကြား လိုပါတယ်။

ပြည်သူများကို ကျွန်တော့်အနေနဲ့ မှာကြားလိုတာကတော့ တစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာ နေပေးပါ၊ မလိုအပ်ဘဲနဲ့ အပြင်မှာ လူစုလူဝေးဖြစ်အောင် အပြင်မထွက်ပါနဲ့၊ အပြင်ထွက်မယ် ဆိုရင် လည်း Maskတပ်ပါ၊ ပြီးရင် စနစ်တကျ လက်ဆေးပါ လို့အကြံပြုလိုပါတယ်” ဟုပြောကြား ခဲ့ပါတယ်။

ဇော်မင်းလွင်(ဒက္ခိဏခရိုင်ပြန်/ဆက်)