ရန်ကုန် ဇန်နဝါရီ ၂၃
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်အတွင်း၊ ဒေသခံပြည်သူများ ကိုဗစ်-၁၉ရောဂါ ကင်းဝေးစေရန်နှင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ဆက်လက်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကာကွယ်ဆေးများကို ပြည်သူများအား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းနှင့် အသက်၁၈နှစ်နှင့်အထက် ပြည်သူများအား ပထမအကြိမ်ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများကို ဆောင်ရွက် ပေးလျက်ရှိရာ၊ကာကွယ်ဆေးထိုးနှံရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေကြသည့် နိုင်ငံ့ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့် အများပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဗဟန်းမြို့နယ်၊ ကြားတောရလမ်းရှိ မင်္ဂလာစျေးဓမ္မာရုံနှင့် သိမ်ကြီးစျေးဓမ္မာရုံတို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာတွင်လည်း ကာကွယ်ဆေးလာရောက် ထိုးနှံကြသူ များကို ကျန်းမာရေး ဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များကသွေးအတွင်း အောက်ဆီဂျင် လည်ပတ်မှုနှုန်းတိုင်းတာခြင်း ကိုယ်အပူချိန်တိုင်းတာခြင်း၊ ရောဂါအခံရှိ၊မရှိမေးမြန်းခြင်းတို့ကို ဆောင်ရွက်ပြီးမှသာ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ မြို့နယ်ကျန်းမာရေး ဝန်ထမ်းများ က စနစ်တကျကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။
ဗဟန်းမြို့နယ်အတွင်း ရပ်ကွက်ပေါင်း(၂၂)ရပ်ကွက်ရှိရာ ကာကွယ်ဆေးထိုးနှံခြင်းကိုသက်ဆိုင်ရာ ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိပြီး၊ ယနေ့တွင်သိမ်ကြီး စျေးဓမ္မာရုံတွင်ရပ်ကွက်အလိုက် ၁၈နှစ်နှင့်အထက် ပထမအကြိမ်ဆေးလာရောက်ထိုးနှံသူ စုစုပေါင်း (၇၇)ဦးရှိကြောင်း သိရသည်။
ထိုသို့ကာကွယ်ဆေးများ ထိုးနှံပေးရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကိုလတ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့များ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ၊မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင် များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတအသင်းများပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသူများကို အဆင်ပြေ ချောမွေ့စွာ ကာကွယ်ဆေးထိုးနှံနိုင်ရန် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
အောင်မြင့်