သုံးခွမြို့မဈေးအတွင်း စားသုံးသူများ အန္တရာယ်ကင်းရှင်းစေရေးအတွက် ဆီမျိုးစုံ ရောင်းချသော ဆိုင်များအား သွားရောက်စစ်ဆေး

သုံးခွ ဩဂုတ် ၂၆

ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာ‌ရေး ဦးစီးဌာနတို့ ပူးပေါင်း၍ စည်ပင်သာယာမြို့မ‌ဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များသို့ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က သွားရောက်၍ ဈေးကွက်အတွင်းရှိ စားသုံးဆီမျိုးစုံအား ကုန်ညွှန်းအမှတ်အသား ဖော်ပြချက်နှင့် ကိုက်ညီမှု ရှိ/မရှိ ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

ယင်းသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာ ဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်စန်းစန်းမော်နှင့်၀န်ထမ်းများ၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနကျန်းမာရေးမှူး ဒေါ်ခိုင်သန့်သန့်လှိုင်နှင့် ၀န်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေး‌ ဈေးတာ၀န်ခံနှင့် ၀န်ထမ်းများ ပူးပေါင်း၍ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် စားသုံးဆီအမျိုးမျိုးအား‌ဘေးအန္တရာယ် ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရန် အတွက် စားသုံးသူကာကွယ်ရေး ဥပဒေအခန်း ၁၈ပုဒ်မ၄၁အရ ကုန်ညွှန်းအမှတ်အသား ဖော်ပြချက်နှင့် ကိုက်ညီမှု ရှိ/မရှိ ဈေးကွက် စောင့်ကြည့် စစ်ဆေးခြင်းဖြစ်ကြောင်း စားသုံးသူရေးရာ ဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်စန်းစန်းမော်က ပြောကြားခဲ့သည်။

စည်သူလင်း ပြန်/ဆက်