ချမ်းအေးသာစံမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် Door to Door ကွင်းဆင်းဆောင်ရွက်

ချမ်းအေးသာစံ      ဇန်နဝါရီ    ၂၃

ပန်းခင်းစီမံချက်ဖြင့် မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးပျော်ဘွယ် အရှေ့ရပ်ကွက်၊ ကန်ကောက် ရပ်ကွက်နှင့် ဒေးဝန်း အနောက်ရပ်ကွက်နေ ပြည်သူများအား ဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုးနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများအား တစ်အိမ်ဆင်း တစ်အိမ်တက် Door to Door စနစ်ဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့က ပြုလုပ် ပေးခဲ့သည်။

ယင်းသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးဝေလင်းနှင့် တာဝန်ရှိသူများက ရပ်ကွက်နေပြည်သူများကို နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးခဲ့သည်။

ပန်းခင်းစီမံချက်အဖြစ် ၂၀၂၂ခုနှစ် နိုဝင်ဘာလ ၃၀ရက်နေ့တွင် အသက် (၁၈)နှစ်ပြည့်လာမည့်သူနှင့် အသက် (၁၈)နှစ်ပြည့်ပြီးသူ များအား ၂၀၀၄ခုနှစ် နိုဝင်ဘာလ ၃၀ရက်နေ့ ရှေ့ပိုင်း မွေးဖွားသူများအား အိမ်ထောင်စုလူဦးရေ စာရင်းရှိပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားမရရှိသေးသူများ၊ အိမ်ထောင်စု လူဦးရေ စာရင်းမရှိ နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသူများအား ဥပဒေအရ ကိုင်ဆောင်သင့်သည့် ကတ်ပြား တစ်မျိုးမျိုး လက်ဝယ်ရရှိရေးတို့အား သက်ဆိုင်ရာ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးမှူးရုံးများတွင်  ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းသိရသည် ။

မြန်မာနိုင်ငံသား၊ တိုင်းရင်းသားများနှင့် တိုင်းရင်းသားမဟုတ်သော်လည်း ဥပဒေနှင့်အညီ နိုင်ငံသားဖြစ်သော ဥပဒေအရ နိုင်ငံသား များအား ၁၉၄၉ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေ၊ ၁၉၅၁ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေးနည်းဥပဒေတို့ဖြင့် စိစစ်၍ အိမ်ထောင်စုလူဦးရေစာရင်း ထုတ်ပေးခြင်းလုပ်ငန်း၊ ၁၉၈၂ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ၂၀၂၁ခုနှစ်၊ မေလ ၃ရက်နေ့မှ ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ ၃ရက်နေ့အထိ ၁၈လကြာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိပ်ထားနိုင်