သီပေါမြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် Onlineမှတစ်ဆင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ

သီပေါ   ဇန်နဝါရီ   ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ်ပြည်သူ များနှင့် ကျောင်း သား၊ ကျောင်းသူ၊ လူငယ် လူရွယ်များအတွက် အသိပညာဗဟုသုတများ ရရှိစေရန်၊ အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်နှင့် စိတ်အပန်းပြေပျော်ရွှင်စေရန် ရည်ရွယ်၍ Online မှ တစ်ဆင့် သုတ၊ ရသ စာအုပ်စာ‌စောင်မိတ်ဆက်ခြင်း အစီအစဉ်၊ ဆေးရောင်ခြယ်အစီအစဉ်၊ ပုံပြင် ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း အစီအစဉ်များနှင့် ရောင်စုံစက္ကူလေးများဖြင့် အရုပ်ခေါက်/ ပန်းအလှ ခေါက်ခြင်းအစီအစဉ်များကိုရိုက်ကူး၍ သီပေါမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page မှ တစ်ဆင့် နေ့စဉ်ထုတ်လွှင့် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းတွင်   စာကြည့်တိုက်လက်ထောက်-၃  ဒေါ်နန်းသိင်္ဂီစိုးက စာပေချစ်မြတ်နိုးသူများ လာရောက်ငှားရမ်း ဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ စာရေးဆရာ တက္ကသိုလ်မောင်သုလှိုင် ရေးသားသော “အနော်ရထာ၊ စောလူး၊ မင်းကျန်စစ်နှင့် မဏိစန္ဒာ လေးပွင့်ဆိုင် ဖူးစာ” (ရာဇဝင်ဝတ္ထုတော်ကြီး)အား စာအုပ်မိတ်ဆက် အစီအစဉ်  ရိုက်ကူးကာ   Onlineမှ တစ်ဆင့် ထုတ်လွှင့်ပေးခဲ့ကြောင်း သိရသည်။

ခင်လေး(သီပေါ၊ ပြန်/ဆက်)