သီပေါ ဇန်နဝါရီ ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ပြည်သူများ ကျန်းမာကြံ့ခိုင်စေရန်၊ ကျန်းမာရေးနှင့် ကိုယ်ခံအားစနစ် ကောင်းမွန်စေရန် ရည်ရွယ်၍ ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး အားကစားအစီ အစဉ် ရိုက်ကူးခြင်းကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး အားကစားအစီအစဉ် ရိုက်ကူးခြင်းများ ဆောင်ရွက်ရာတွင် ပြည်သူများ ကျန်းမာရေးနှင့် ကိုယ်ခံအားကောင်းမွန်ပြီး ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရန်၊ ပြည်သူ များ၏ နေ့စဉ်ဘဝ လှုပ်ရှားမှုများတွင် အသက်အရွယ်မရွေး ပြုလုပ်နိုင်သည့် အားကစားနည်းများကို လိုက်ပါ ကစားနိုင်စေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မြို့နယ်အားကစားမှူး ဒေါ်သန်းရွှေမာက ပြောကြားခဲ့ကြောင်းနှင့် အဆိုပါ အားကစားနည်းများကို အမှတ် (၃)အခြေခံပညာ အထက်တန်းကျောင်းမှ မူလတန်းအဆင့် ကျောင်းသူလေးမထက်သီရိဆွေက သရုပ်ပြတင်ဆက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး အားကစား အစီအစဉ်များ ရိုက်ကူးထုတ်လွှင့်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်ထားသော သီပေါမြို့နယ် ပြည်သူ့စာကြည့် တိုက် Facebook Pageနှင့် We Love Hsipaw Facebook Pageတို့တွင် အပတ်စဉ် ထုတ်လွှင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)