လင်းခေးမြို့နယ်၊ မအွန်လောင်းကျေးရွာအုပ်စုတွင်”ပန်းခင်း”စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း စစ်ဆေးထုတ်ပေးခြင်းနှင့် အသိပညာပေးဟောပြော ကွင်းဆင်းဆောင်ရွက်

လင်းခေး ဇန်နဝါရီ ၂၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူတို့သည်“ပန်းခင်း”စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းစစ်ဆေးထုတ်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းနှင့် အသိပညာပေးဟောပြောခြင်းလုပ်ငန်းများကို(၁၉-၁-၂၀၂၂)ရက်နေ့မှ(၂၁-၁-၂၀၂၂) ရက်နေ့အထိ အဆိုပါကျေးရွာအုပ်စုရှိ ကျေးရွာ(၉)ရွာစုရပ်များအသီးသီး၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ယင်းသို့ကွင်းဆင်းဆောင်ရွက်ခဲ့ရာတွင် ခရိုင်ဦးစီးမှူးဦးစောဝင်းလွင်၊ ဒုတိယခရိုင်ဦးစီးမှူး ဒေါ်နန်းတင်မိုးဆွေတို့က လာရောက်ကြည့်ရှုအားပေးခဲ့ကြပြီး၊ ခရိုင်ဦးစီးမှူးနှင့် မြို့နယ်ဦးစီးမှူးရုံးမှ လူဝင်မှုကြီးကြပ်ရေးမှူး ဦးစိုင်းသန်းကျော်တို့က “ပန်းခင်း”စီမံချက် လုပ်ငန်းဆိုင်ရာ သိကောင်းစရာများအကြောင်းကို ကျေးရွာအုပ်စုနေပြည်သူလူထုတို့အား အသိပညာပေးဟောပြောပေးခဲ့ကြသည်။

ဆက်လက်ပြီး အဆိုပါစီမံချက်လုပ်ငန်းဆိုင်ရာလက်ကမ်းစာစောင်များကို ကျေးရွာအုပ်စုရှိ အများပြည်သူတို့ လက်ဝယ်အရောက် (အခမဲ့)ဖြန့်ဝေပေးခြင်းတို့ကို လည်းဆောင်ရွက်ခဲ့ကြ သည်။

ဆက်လက်၍  ကျေးရွာအုပ်စုရှိ၊ အသက်၁၈နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ရန် လိုအပ်သော ရွာသူရွာသားပြည်သူ (၉၆)ဦးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား (၉၆)ကတ်ကို ဆောင်ရွက်ထုတ်ပေးနိုင်ခဲ့ပြီး၊ အိမ်ထောင်စု(၄၈)စု၏ လူဦးရေစာရင်းများစစ်ဆေးပေးခြင်းနှင့် ၎င်း(၁၆)စောင် အသစ်ပြုလုပ်ထုတ်ပေးခြင်းကို ကျေးရွာပြည်သူတို့ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြသည်။

ဆောင်ရွက်ပေးခဲ့သော နိုင်ငံသားကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို(၁၉-၁-၂၀၂၂)ရက်နေ့မှယမန် နေ့ (၂၁-၁ -၂၀၂၂)ထိ(၃)ရက်တာ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြခြင်းဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးမှူး ဦးစိုင်းသန်းကျော်ထံမှ သိရသည်။

စိုင်းဇော်လတ်(လင်းခေးခရိုင်ပြန်/ဆက်)