ဇေယျာသီရိ ဇန်နဝါရီ ၂၃
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဇေယျာသီရိမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းပြုလုပ်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းမှစတင်ကာကျောက်ချက်ကျေးရွာအုပ်စု၊ ကျောက်ချက်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဥတ္တရခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးအောင်နိုင်ဦးက ပန်းခင်းစီမံချက်အကြောင်း ရှင်းလင်းပြောကြားပြီး ဥပဒေနှင့်အညီ ပြည်သူအားလုံး ကိုင်ဆောင်လက်မှတ်ရရှိရေး နိုင်ငံတော်မှ ဓာတ်ပုံဖိုးနှင့် သွေးစစ်ခကျခံပေးလျက်ရှိကြောင်း၊ မိမိပါတ်ဝန်းကျင်တွင် အိမ်ထောင်စုနှင့်ကိုင်ဆောင်လက်မှတ်မရှိသူများအား မိမိဌာနမှ ဆောင်ရွက်ပေးနေကြောင်းကို သတင်းစကားပါးလိုကြောင်း ၊ နိုင်ငံသားလက်မှတ်ကိုင်ဆောင်သူများ ဆောင်ရန်ရှောင်ရန်အချက်များကို ရှင်းလင်းပြောကြားပြီး ကျောင်းတိုက်ရှိသံဃာ ၅ ပါးအား သာသနာဝင်ကတ်ပြားများ ဆက်ကပ်ခဲ့သည်။ ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဇေယျာသီရိမြို့နယ်ဦးစီးမှူးရုံးမှ ကွင်းဆင်းဆောင်ရွက်နေမှုအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဒုတိ ယညွှန်ကြားရေးမှူး ဦးအောင်နိုင်ဦးက ကြည့်ရှုစစ်ဆေးရာ ဇေယျာသီရိမြို့နယ်ဦးစီးမှူး ဦးစီးအရာရှိဦးစန်းလွင်မှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးနေမှုအား လိုက်လံရှင်းလင်း ပြောကြားခဲ့သည်။
ဇေယျာသီရိမြို့နယ် ဦးစီးမှူးရုံးအနေဖြင့် သတ်မှတ်ချက်ဖြင့်ကိုက်ညီသည့် ကျောက်ချက်ကျေးရွာအုပ်စုမှ ပြည်သူ(၁၉၂)ဦးကို နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေးဆောင်ရွက်ခဲ့ပြီး မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ဆောင်ရွက်လိုပါက ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှတစ်ဆင့် ချိတ်ဆက်ပြီး မြို့နယ်ရုံးသို့ လာရောက်ပြုလုပ်နိုင်ကြောင်း ဇေယျာသီရိမြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)