တံတားဦးမြို့နယ်တွင် သဘာဝဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်

တံတားဦး  ဇန်နဝါရီ  ၂၃

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် မီးသတ်ဦးစီးဌာနမှ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာအသိပညာပေးခြင်းနှင့်ဇာတ်တိုက်လေးကျင့်ခြင်းကို ယနေ့မွန်းလွဲ(၂)နာရီက အဆိုပါ မြို့နယ်မီးသတ် ဦးစီးဌာနရုံး၌ ကျင်းပကြောင်း သိရသည်။

အဆိုပါ အသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင်ခြင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် ကျောက်ဆည်ခရိုင် မီးသတ်ဦးစီးဌာန၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးစောလွင်အေးတို့က အမှာစကား အသီးသီးပြောကြားကြပြီး၊ တံတားဦးမြို့နယ် မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်သူအောင်က သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးအကြောင်း ပြောကြားရာတွင် သဘာဝဘေးအန္တရာယ် အမျိုးမျိုးမှ ကြုံတွေ့ရသည့်အခါ အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဘေးအန္တရာယ် ကြုံတွေ့လာပါက အချိန်နှင့်တပြေးညီ လျင်မြန်စွာတုံ့ပြန်ရေး စဉ်ဆက်မပြတ်ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒါ့ အပြင် ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီးသည့် အသွင်သဏ္ဍာန်တူပြုလုပ်၍ လေ့ကျင်မှုများ ပြုလုပ်ခြင်းဖြစ်ကြောင်း‌ပြောကြားသည်။

ဆက်လက်ပြီး  မြို့နယ်သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ဇာတ်တိုက်လေးကျင့်ခြင်းကိုပြုလုပ်ရာ ငလျင် ဒဏ်ကြောင့် ပြိုကျပျက်စီး၍ ပိမိနေသော လူနာများအား ရှာဖွေကယ်ဆယ်ရေး ပစ္စည်းများ အသုံးပြု၍ ရှာဖွေကယ်ဆယ်ခြင်း၊ အထပ်မြင့် အဆောက်အဦတွင် ပိတ်မိနေသော လူနာအား Hydraulic Cutter   ၊ Hydraulic Spreader  အသုံးပြုပြီး ကယ်ထုတ်နည်း ၊  Lifting Bag အသုံးပြုပြီး ကျောက်ပြားအတွင်း၌ ပိတ်မိနေသူအား ကယ်ထုတ်နည်း၊  Tri-Pod ၊ Carabiner အသုံးပြုပြီး အဆောက်အဦအတွင်း ပိတ်မိနေသူအား ကယ်ဆယ်နည်းနှင့် လူနာအား ရှေးဦးပြုစုခြင်းနည်းများဖြင့် အသက်ကယ်နည်းတို့အား လက်တွေ့သရုပ်ပြ ဇာတ်တိုက် လေ့ကျင့်ခဲ့ကြသည်။

တံတားဦးမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့်  မီးဘေး၊ ရေဘေး၊ လေဘေး၊ ငလျင်ဘေး စရှိသည့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် တုံ့ပြန်ရေးဆိုင်ရာ အသိပညာပေးခြင်း၊ ဇာတ်တိုက် လေ့ကျင့်ခြင်းတို့အား အဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်မီး သတ်ဦးစီးမှူး ဦးကျော်သူအောင်ထံမှ သိရသည်။

ဦးရဲတင့်