စစ်တွေ ဇန်နဝါရီ ၂၃
၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် ၂၅ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် အောင်ပွဲရ ရခိုင်ပြည်နယ်အမျိုးသမီးဘောလုံးအသင်းအား ဂုဏ်ပြုကြိုဆိုနိုင်ရေး ညှိနှိုင်းစည်းဝေးကို ယမန်နေ့မွန်းလွဲပိုင်း က ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက အောင်ပွဲရ ရခိုင်ပြည်နယ် အမျိုးသမီးဘောလုံးအသင်းအား ကွာတားဖိုင်နယ်နှင့် ဆီမီးဖိုင်နယ်တက်ရောက်သည့် အချိန်တွင် ပြည်နယ် အစိုးရအဖွဲ့က ငွေကျပ်သိန်း ၂၀ စီဂုဏ်ပြုထောက်ပံ့ပေးခဲ့ပါကြောင်း၊ အောင်ပွဲရရှိခဲ့ လျင် ထိုက်ထိုက် တန်တန် ဂုဏ်ပြုပေးသွားမည်ဟု ကတိပေးထားခဲ့ပါကြောင်း၊ ယခုအခါ အောင်ပွဲရ ရခိုင်ပြည်နယ် အမျိုးသမီးဘောလုံး အသင်းအား နိုင်ငံတော်ဝန်ကြီးချုပ်က ဂုဏ်ပြုသည့်အနေဖြင့် တပ်မတော် လေယာဉ်ဖြင့် ပို့ဆောင်ပေးသွား မည်ဟု သိရှိရပါကြောင်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ပြည်နယ်သူ၊ ပြည်နယ်သားများနှင့်အတူ အောင်ပွဲရ အမျိုးသမီးဘောလုံးအသင်းအတွက် ဂုဏ်ယူလျက်ရှိပါကြောင်း၊ ထို့ကြောင့် အောင်ပွဲရအမျိုးသမီး ဘောလုံးအသင်းအား လှိုက်လှိုက်လဲလဲ ကြိုဆိုနိုင်အောင် ယခုကဲ့သို့ အစည်းအဝေးခေါ်ယူပြီး မိမိတို့တာဝန်ယူ နိုင်မည့် ကိစ္စများကို ဆွေးနွေးရခြင်းဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အစွမ်းကုန် ကြိုးစားလုပ်ဆောင်ပေးကြစေလိုကြောင်းနှင့် ကြိုဆိုနိုင်ရေးအတွက် လိုအပ်သည်များကို အကြံပြု ဆွေးနွေးပေးကြစေလိုကြောင်းပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးများနှင့် တက်ရောက်လာကြသော ဌာနဆိုင်ရာများက အောင်ပွဲရအမျိုးသမီး ဘောလုံးအသင်းအား ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ဦးဆောင်ကာ ဌာနဆိုင်ရာ များ၊ ရခိုင်မင်္ဂလာစည်တော်၊ ဘင်ခရာအဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘပြည်သူ များ ကြိုဆို နိုင်ရေး၊ အောင်ပွဲရအမျိုးသမီးဘောလုံးအသင်း ရောက်ရှိမည့် အချိန်နှင့် မြို့တွင်းလှည့်လည်မည့်အစီအစဉ်များအား မြို့တွင်းလှည့်လည် ကြေညာနိုင်ရေးနှင့် မြို့တွင်းလှည့်လည်ဂုဏ်ပြုခံနိုင်ရေးအတွက် အကြံပြု ဆွေးနွေးတင်ပြကြသည်။
ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာ စကားပြော ကြားပေးခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)