ဟိုပုံး ဇန်နဝါရီ ၂၃
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ဗီဇမျိုးကွဲသစ် အိုမီခရွန်(Omicron) ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက တိလုံကျေးရွာအုပ်စု၊ ဆိုက်ခေါင်ကျေးရွာတွင် အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။
အသိပညာပေးနှိုးဆော်ရာတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်္ဂီအောင်၊ မြို့နယ် ဥပဒေရုံးမှ ဒုတိယမြို့နယ် ဥပဒေအရာရှိ ဒေါ်အေးအေးငြိမ်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးမှ ဝန်ထမ်းများကကိုဗစ်-၁၉ရောဂါ ဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန် ကူးစက်ပျံ့နှံ့မှုသည် ရက်ပိုင်းအတွင်း နိုင်ငံအရေအတွက်ပိုမို များပြား လာခြင်း၊ အိုမီခရွန်မျိုးကွဲသစ်သည် မူလကိုဗစ်-၁၉နှင့် လုံးဝမတူတော့ခြင်း၊ လက်ရှိကာကွယ်ဆေး များ၏ ထိရောက်မှု လျော့ကျနိုင်ခြင်း၊ ယခင်ကိုဗစ်-၁၉ရောဂါဖြစ်ဖူးသူများလည်း ထပ်မံဖြစ်ပွားနိုင်ခြင်း နှင့် ရောဂါကူးစက်မှု ပိုမိုမြန် ဆန်ခြင်း တို့ကြောင့် ပြည်သူလူထုအနေဖြင့် ပြင်ပမှ ဧည့်သည်များ လက်မ ခံပါရန်နှင့် အခြားသူများထံသွား ရောက်ခြင်းမပြုရန်၊ တတ်နိုင်သမျှ အိမ်မှာနေရန်၊ အပြင် ထွက်တိုင်းပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို စနစ်တကျတပ်ဆင်၍ သွားလာကြရန်၊ လက်ကိုမကြာ ခဏဆပ်ပြာနှင့် စနစ်တကျ စက္ကန့် (၂၀)ကြာ ဆေးကြောကြရန်၊ လူထူထပ် သောနေရာများသို့ သွား ရောက်ခြင်းမှရှောင်ကြဉ်ရန်၊ နှာခေါင်းစည်း (Mask)မတပ်ဆင်ထားသောသူများနှင့်တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ရန်၊ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို အကြိမ်ပြည့် ထိုးနှံရန်၊ ကာကွယ်ဆေးထိုးနှံပြီးသော်လည်း ကာကွယ်ရေးနည်းလမ်းများကို ဆက်လက်လိုက်နာ ကြ ရန်၊ ကိုဗစ်-၁၉ရောဂါကာကွယ်ရေးလုပ်ငန်းလမ်း ညွှန်ချက်များနှင့်အညီ တိကျစွာလိုက်နာ ဆောင်ရွက်ကြရန်၊ တတ်နိုင်သမျှ ပြည်သူအားလုံးပူးပေါင်း ဆောင်ရွက်ကြရန်စသည့် အသိပညာပေးလုပ်ငန်း များကို လှည့်လည် အသိပေးနှိုးဆော်ခဲ့ကြသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)