ပုသိမ်ကြီးမြို့နယ်ရှိ အောက်ဆီဂျင်စက်ရုံအတွက် လျှပ်စစ်မီးရရှိရေး အစည်းအဝေးပြုလုပ်

ပုသိမ်ကြီး ဇန်နဝါရီ ၂၃

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ခြေရှိ သီရိမင်္ဂလာ သရက်တော ကျောင်းတိုက်အတွင်း တည်ဆောက်ထားရှိသည့် အောက်ဆီဂျင်စက်ရုံအတွက် လျှပ်စစ်မီး ရရှိရေး ကော်မတီအဖွဲ့ဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၂၁ ရက်နေ့ ညနေ ၃နာရီက အဆိုပါကျောင်း၌ ပြုလုပ်သည်။

ရှေးဦးစွာ ဦးဆောင်ကော်မတီအဖွဲ့ဝင် ပဓာနနာယက ရွှေကြေးစည်ဆရာတော် ဘဒ္ဒန္တဥတ္တမ ထံမှ ဩဝါဒခံယူကြပြီး၊ အောက်ဆီဂျင်စက်ရုံအတွက် လိုအပ်လျက်ရှိသည့် လျှပ်စစ်ထရန် စဖော်မာ တပ်ဆင်နိုင်ရေးနှင့် လျှပ်စစ်ပစ္စည်းများ ဝယ်ယူနိုင်ရေး၊ အများပြည်သူထည့်ဝင် လှူဒါန်းသည့် ငွေများဖြင့် တပ်ဆင်သွားမည်ဖြစ်ပြီး၊ လှူဒါန်းလိုပါက ကော်မတီထံသို့ ဆက်သွယ်လှူဒါန်းနိုင်မည်ဖြစ်သည်။ အဆိုပါ အောက်ဆီဂျင်စက်နှင့် အဆောက်အဦတို့အား မန္တလေးမြို့ အားသစ် ငါးသားပေါက်လုပ်ငန်း မိသားစုမှ မတည်အလှူငွေ သိန်းပေါင်း(၂၀၀၀)ခန့် ထည့်ဝင် လှူဒါန်း၍ စက်ရုံ စတင်လည်ပတ်ပါက ၂၄နာရီ လျှင် (၄၀)လီတာရှိ အောက်ဆီဂျင်အိုး အလုံး (၂၀၀) ထွက်ရှိမည်ဖြစ်ပြီး၊ မြို့နယ်အတွက် လုံလောက်စွာ လိုအပ်သည့် နေရာများတွင် အသုံးပြု နိုင်မည်ဖြစ်သည်။

အစည်းအဝေးသို့ ပဓာနနာယက ရွှေကြေးစည်ဆရာတော် ဘဒ္ဒန္တဥတ္တမ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦး၊ မြို့နယ်လျှပ်စစ်ရုံးမှ တာဝန်ရှိသူများ၊ ကော်မတီဥက္ကဋ္ဌ ဦးဋ္ဌေးဝင်း၊ ဒုဥက္ကဋ္ဌ ဦးမျိုးဝင်းနိုင်နှင့် အဖွဲ့ဝင်များ၊ အလှူရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

 မြို့နယ်(ပြန်/ဆက်)