ကျောက်မဲ ဒီဇင်ဘာ ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ ခိုမုန်းကျေးရွာအုပ်စု၊ ခိုအုံကျေးရွာရှိ ရှမ်းစာပေ နှင့်ယဉ်ကျေးမှုအသင်း ခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီ အချိန်က မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အမှတ် ၂ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်မှလူကုန်ကူးမှုဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးညွှန့်ရွှေက အဖွင့်အမှာ စကား ပြောကြားခဲ့ပြီး အမှတ် ၂ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်မှ ဒုရဲမှူးကျော်စိုးမိုးက လူကုန်ကူးဖြစ်ပွားရသည့်အကြောင်းအရင်းများ၊ လူကုန်ကူးခံရနိုင်သည့်ပုဂ္ဂိုလ်များ၊ လူကုန်ကူးမှု ပုံစံများ၊ လူကုန်ကူးမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် စိတ်ပိုင်း/ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ နိုင်ငံ အပေါ်ထိခိုက်လာနိုင်သည့် ဆိုးကျိုးများ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပါ ပြစ်မှု ပြစ်ဒဏ်များအကြောင်းတို့ကိုမြန်မာလို ရှင်းလင်းဆွေးနွေးခဲ့ပြီး အဆိုပါဆွေးနွေးချက်များကို ကျောက်မဲမြို့နယ် ရှမ်းစာပေနှင့်ယဉ်ကျေးမှု ဥက္ကဋ္ဌ ဦးစိုင်းစိုးညွှန့်က ရှမ်းဘာသာဖြင့် ပြန်လည် ရှင်းလင်းဆွေးနွေးပေးခဲ့သည်။
ယင်းနောက် ဟောပြောပွဲသို့တက်ရောက်လာသူများအား လူကုန်ကူးမှုဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့သည်။ အဆိုပါဟောပြောပွဲသို့ ရှမ်းစာပေနှင့် ယဉ်ကျေးမှု အသင်းရုံး၌ ရောက်ရှိခိုလှုံနေသည့် တိုက်ပွဲရှောင် ပြည်သူ ၅၀ ဦးကျော်တက်ရောက်ခဲ့ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)