မိုင်းလုံ ဇန်နဝါရီ ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကာကွယ်ဆေး ထိုးနှံခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူ ပြည်သူတစ်ဦး၏ ရင်တွင်းစကားသံ အချို့ကို ယခုလိုပဲ သိရပါသည်။
ကျွန်တော်ကတော့ ဦးဇော်ရှိန်းအောင်ဖြစ်ပါတယ်။ အသက်က(၃၃)နှစ်ရှိပြီး၊ အလယ်ရပ်ကွက်တွင် နေထိုင်ပါတယ်။ ဆံသဆိုင်ဖွင့်ထား ပါတယ်။ မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ စတင် ထိုးနှံပေးကတည်းက ထိုးမယ်ဆိုပြီး မထိုးဖြစ်ခဲ့တာ အရင်လမှ သွားရောက်ထိုးနှံဖြစ်ခဲ့ပါတယ်။ ဆံပင်ညှပ်တယ်ဆိုတော့ လူအများနဲ့နေ့စဉ် ပြောဆိုဆက်ဆံနေရတော့ ကာကွယ်ဆေးထိုးထားဖို့ ပိုလိုအပ်တာပေါ့။ ကာကွယ်ဆေးထိုးထားခြင်းဟာ ကိုယ်အတွက်လည်းကောင်းသလို ကိုယ့်ရဲ့ဧည့်သည် တွေအတွက်လည်း စိတ်ချရတယ်။ ကာကွယ်ဆေး ထိုးနှံပြီးတော့ ဖျားလည်းမဖျား ကိုက်ခဲမှုလည်း မရှိပါဘူး။ ကျွန်တော်တို့ ကာကွယ်ဆေးထိုးနှံဖို့ ဘာလို့ပိုလိုအပ်လဲဆိုရင် အများနဲ့ဆက်ဆံရတာဖြစ်တဲ့အတွက် ကိုယ်ကြောင့်တခြားလူကိုရောဂါကူးစက်မှု မရှိစေရန် ထိုးခြင်း ဖြစ်ပါတယ် ။ ဒါကြောင့် ကာကွယ်ဆေးထိုးထားပါက အများအတွက်လည်း အဆင်ပြေသလို၊ ကိုယ်တိုင်လည်း ရောဂါကူးစက် နိုင်မှုမှ ကာကွယ်နိုင်တဲ့အတွက် လူတိုင်းကာကွယ်ဆေးထိုးနှံကြပါလို့ တိုက်တွန်းချင်ပါတယ်။ အခုလို အခမဲ့ ထိုးနှံပေးခြင်းကြောင့် ငွေကုန်ကြေးကျမရှိလို့ အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း သွားရောက်ထိုးနှံ နိုင်ပါတယ်လို့ ပြောပြချင်ပါတယ်။ ကာကွယ်ဆေး ထိုးနှံပေးသော ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတ အသင်းနှင့် တာဝန်ရှိသူများကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။
ဇော်ဇော်