တပ်ကုန်းမြို့နယ်တွင် စိန်ရတုပြည်ထောင်စုနေ့ (အကြို) အထိမ်းအမှတ် ကဗျာရွတ်၊ ပုံပြော ပြိုင်ပွဲများကျင်းပ

တပ်ကုန်း ဇန်နဝါရီ ၂၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် စိန်ရတုပြည်ထောင်စုနေ့(အကြို) အထိမ်းအမှတ် ကဗျာရွတ်၊  ပုံပြောပြိုင်ပွဲများကို ယမန်နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ပြိုင်ပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင့်တင့်ခိုင်က စိန်ရတုပြည်ထောင်စုနေ့ (အကြို)ပြိုင်ပွဲများ ကျင်းပရခြင်း ရည်ရွယ်ချက်      နှင့် ပြိုင်ပွဲစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ပုံပြောပြိုင်ပွဲတွင် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၁)ဦး၊ ကဗျာရွတ်ပြိုင်ပွဲတွင် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်း သူ(၈)ဦး၊ စုစုပေါင်း (၁၉)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး၊ ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများနှင့် ပြိုင်ပွဲဝင်သူများအား မြို့နယ်ဦးစီးမှူး ဒေါ်တင့်တင့်ခိုင်၊ ဒုတိယဦးစီးမှူး ဒေါ်ဝင်းဝင်းအေး၊ မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကြည် (မောင်ကြည်မူ-ပျဉ်းမနား)နှင့် အဖွဲ့ဝင် ဒေါ်သင်းသင်းလှိုင် (သင်းသင်းလှိုင်-တပ်ကုန်း)၊ ဆရာမ များက ဆုတံဆိပ်နှင့် ဆုလက်ဆောင်များ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

တင်စိုးလွင်