မြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေး ဒုတိယအကြိမ် ကျင်းပ

နောင်ချို သြဂုတ်  ၂၆

ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင်  မြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို ဒုတိယအကြိမ် အဖြစ် ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း  သိရသည်။ 

အစည်းအဝေးတွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ  ဦးသွင်ကိုကိုမင်းက အဖွင့်အမှာစကားပြောကြားရာတွင်  "မြန်မာနိုင်ငံအနေနဲ့ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်အရ အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်ကြောင်း၊ ကလေးသူငယ် အခွင့်အရေးများကို အကောင်အထည်ဖော် ဆောင်ရွက်ရန် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ၊ လုပ်ငန်းကော်မတီ အဆင့်ဆင့်ကိုဖွဲ့စည်းပြီး မြို့နယ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ  ကော်မတီကိုလည်း  ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း   လူအဖွဲ့ အစည်းအတွင်း ကလေးသူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွားရစေရန် ဆောင်ရွက်ပေးစေလိုကြောင်း" ပြောကြားခဲ့သည်။ ၎င်းနောက်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန်းစန်းမော်က "ကျွန်မတို့ ဌာနအနေနဲ့ မိဘမဲ့ကလေးများ၊ စွန့်ပစ်ခံကလေးများ၊ လမ်းပေါ်နေကလေးများ ကာကွယ်စောင့်ရှောက်မှုလိုအပ်နေသော ကလေးများ၊ ဥပဒေနှင့် ရင်ဆိုင်နေရသော ကလေးများကို ပညာသင်ကြား ပေးခြင်း၊ ပြုစုပျိုးထောင်ပေးခြင်း၊ ကာကွယ်စောင့်ရှောက်မှု နှင့်လူမှုရေးစောင့်ရှောက်မှုများကို  ဆောင်ရွက်ပေးလျက်ရှိကြောင်း မိမိတို့  မြို့နယ်အတွင်း လိုအပ်နေမှုများ အပေါ်တင်ပြပေးသူရှိမှသာ ကျွန်မတို့ဌာနအနေဖြင့် အဆင့်ဆင့်ကွင်းဆင်း ဆောင်ရွက်ရတာဖြစ်တဲ့ အတွက် ပူးပေါင်း ပါဝင်ကြစေလိုကြောင်း " ပြောကြားခဲ့သည်။

ဆက်လက်၍ တက်ရောက်လာသော ကော်မတီအဖွဲ့ဝင်များက ကလေးသူငယ် အခွင့်အရေးများနှင့် ပတ်သက်၍  လူမှုဝန်ထမ်းဦးစီးဌာနနှင့် ချိတ်ဆက်ကာ  ပူးပေါင်းဆောင်ရွက်သွားမည်  ဖြစ်ကြောင်း  ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထွေးငယ်၊ နောင်ချို၊ ပြန်/ဆက်