ကွမ်းခြံကုန်းမြို့နယ် မြို့မဈေးကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးလုပ်ငန်းများ အပတ်စဉ်ဆောင်ရွက်

ကွမ်းခြံကုန်း ဩဂုတ် ၂၆  

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်ကွမ်းခြံကုန်းမြို့နယ် မြို့မဈေးကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် ဈေးရောင်းချသူဈေးဝယ်ရန်လာရောက်သူများအား နှာခေါင်းစည်း (mask)များ တပ်ဆင်အသုံးပြုရန် အသိပညာပေးနှိုးဆော်ခြင်းကို အပတ်စဉ် အင်္ဂါ‌နေ့တိုင်း ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

အဆိုပါဆောင်ရွက်မှုတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကြက်‌ခြေ နီ အသင်းခွဲ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဈေးကော်မတီ အဖွဲ့ဝင်များ ပူးပေါင်း၍ မြို့မဈေးကြီး အတွင်းရှိ‌ ဈေးဆိုင် ပိုင်ရှင်များ၊ ကမ်းနားပတ်လမ်းတစ်လျှေက် ဈေးဆိုင်ပိုင်ရှင်များ၊ လမ်းဘေးပျံကျဈေးသည်များ၊ ဈေးဝယ် လာသူပြည်သူများအား နှာခေါင်းစည်း (mask) တပ်ဆင်ထားရန်၊ နှာခေါင်းစည်း(mask)တပ်ဆင်ပြီးမှ ဈေးဝယ်ယူခြင်းပြုကြ ရန်၊ ဈေးအတွင်း ထားရှိသော လက်ဆေး ဘေစင်များတွင် လက်ကို မကြာခဏ ဆေးကြောရန်၊ လူစုလူဝေးရှောင်ရှားရန်၊ ပြည်တွင်းကူးစက်မှုများ ရှိလာသဖြင့် မလိုအပ်ဘဲ အပြင်မထွက်ရန်နှင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော စည်းကမ်းချက်များကို လိုက်နာကြရန် တို့ကို လိုက်လံအသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

ထွန်းထွန်းစိုး(ပြန်/ဆက်)