ဒဂုံ (ဆိပ်ကမ်း) ဇန်နဝါရီ ၂၂
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် ကိုဗစ်ကာကွယ်ဆေးကို မြို့နယ် ပြည်သူ့ဆေးရုံတွင် ဇန်နဝါရီ ၂၃ ရက်နေ့ နံနက် ၉ အချိန်မှ စတင်၍ စာရင်းပေးသွင်းရန် မလိုပဲ လာရောက်ဆေးထိုးနိုင်ကြောင်း မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာ အေးမူယာကျော်ထံမှ သိရသည်။
ကိုဗစ်ရောဂါ ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမှ မထိုးရသေးသော အသက် ၁၈ နှစ်ပြည့်ပြီး မည်သူမဆို ကာကွယ်ဆေး ထိုးနိုင်သော်လည်း ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်များကို တော့ ကာကွယ်ဆေးထိုးလို့မရကြောင်း၊ ယခင်ကိုဗစ်ကာကွယ်ဆေးထိုးဖူးရင် ထပ်ထိုးရန် မလိုကြောင်း၊ ယခုကာကွယ်ဆေးကို ထပ်မံထိုးပါက ဘေးထွက်ဆိုးကျိုးရှိကြောင်းကိုလည်း ဆေးရုံအုပ် ဒေါက်တာအေးမူယာကျော်ထံမှ သိရှိရသည်။
အဆိုပါ ကာကွယ်ဆေးသည် ရန်ကုန်တစ်တိုင်းလုံးတွင် (၁၀)မြို့နယ်သာ ထိုးခွင့်ရပြီး ဆေးကို တစ်ကြိမ်ထိုးရုံနှင့် နောက်ထပ်ဆေးထပ်ထိုးရန် မလိုကြောင်းလဲ သိရသည်။
ရန်ကုန်တိုင်းတွင် လှိုင်သာယာ၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ အင်းစိန်၊ မှော်ဘီ၊ လှည်းကူးနှင့် ဒဂုံမြို့သစ် (၄)မြို့နယ်သာ ပထမဦးစားပေး ဆေးထိုးပေးခြင်းဖြစ်သဖြင့် ဆေးမထိုးရသေးသော သူများသည် မိမိမိသားစု၊ မိမိပတ်ဝန်းကျင်ကို စောင့်ရှောက်မှုအနေဖြင့် ကူးစက်မှုများမရှိအောင် ဝိုင်းဝန်းကြိုးပမ်းသည့် အနေဖြင့် ကာကွယ်ဆေး မထိုးရသေးသူများအားလုံး ကာကွယ်ဆေး ထိုးကြရန် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစိုးလွင်မှ တိုက်တွန်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
လဲ့လဲ့