မူဆယ်မြို့နယ်၊ နမ့်ကတ်ကျေးရွာအုပ်စုအတွင်း လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်အတိုင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားကတ်ပြားများကို နေ့ချင်းပြီး ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိ

မူဆယ်  ဇန်နဝါရီ  ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ နမ့်ကတ်ကျေးရွာအုပ်စု၊ နမ့်ကတ်ကျေးရွာတွင် လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ဆိုသည့် ဆောင်ပုဒ်အတိုင်း ဒေသခံပြည်သူတိုင်း ဉပဒေနှင့်ညီညွတ်သူတိုင်း နိုင်ငံသားကတ် ရရှိစေရေး အတွက် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားကတ်ပြားများဆောင်ရွက်ပေးခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့်အဖွဲ့သည် ယနေ့နံနက်(၁၁) နာရီအချိန်က ရွက်စိမ်းပွင့် လူငယ်ဇရပ်၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။      

အဆိုပါ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ရာ “မိမိတို့ဒေသခံ တအာင်းတိုင်းရင်းသား ကျေးရွာများသို့ ယခုလိုကွင်းဆင်း ဆောင်ရွက်ပေးသည့်အတွက် တအာင်းတိုင်းရင်းသားမိသားစုများ ကိုယ်စားကျေးဇူး တင်ရှိပါကြောင်းနှင့် ဒေသခံ တိုင်းရင်းသားများနှင့်အတူ နွေးထွေးပျူငှာစွာဖြင့် ယခုလိုလာရောက်ကြသဖြင့် မိမိတို့ တိုင်းရင်းသားများ၏ ကြည်နူးပျော်ရွှင်မှုကိုလည်း တွေ့မြင်နိုင်ပါကြောင်း”ကို ဗဟိုတအာင်း စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ခွဲ ဒုဉက္ကဌ ဦးမိုင်းလှရွှေက ပြောကြားခဲ့သည်။    

ခရိုင်ဦးစီးမှူး၊ ဦးရဲရင့်ထွန်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ လမ်းညွှန်မှုဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနသည် ပြည်သူများအတွက် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဆောင်ရွက်ပေးရေးလုပ်ငန်းအား နိုင်ငံတစ်ဝှမ်းဆောင်ရွက် ပေးလျက်ရှိကြောင်း၊ နိုင်ငံသားတိုင်း အိမ်ထောင်စုလူဦးရေးနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရရှိကိုင်ဆောင်နိုင်ရေးအတွက် ပြည်သူများက ပန်းခင်းစီမံချက်တွင် ပူးပေါင်းပါဝင် ဆောင်ရွက် ကြစေလိုကြောင်း၊ ပြည်သူများအနေဖြင့်လည်း   မိမိတို့ဌာနရုံးသို့ လာရောက်ဆောင်ရွက်ကြရမှာ ဖြစ်သော်လည်း ယခုကဲ့သို့ကျေးရွာအရောက်လာ ရောက်ဆောင်ရွက်ပေးခြင်းမှာ မိမိတို့ဌာန၏ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆိုသည့်ဆောင်ပုဒ်နှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရရှိခြင်းကြောင်း ပိုမို အဆင်ပြေ ချောမွေ့လွယ်ကူစေရန် အတွက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။  

အခမ်းအနားသို့ နမ့်ကတ်ကျေးရွာမှ ဒေသခံပြည်သူ(၁၂၀)ဦးခန့်တက်ရောက်ခဲ့ကြပြီး  နိုင်ငံသား စိစစ်ရေး ကတ်ပြား(၅၅)ခုကို လက်ဝယ် အရောက်ပေးအပ်ခဲ့ကြောင်းသိရသည်။   

 အယ်လ်စိုး