ကျိုက်မရော ဇန်နဝါရီ ၂၁
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ကလိုင်းကနိုင်ကျေးရွာ၌ ဆောင်းရာသီ သီးနှံဖြစ်သော ဘိုစားပဲသီးများ တိုင်ထောင်စိုက်ပျိုးသည့် တောင်သူများအတွက် အထွက်နှုန်းကောင်း၍ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဘိုစားပဲသီးများ စိုက်ပျိုးရာတွင် ပဲထောင့်ရှည်သီးနှံ စိုက်ပျိုးရသလို မျိုးစေ့ချပြီး စိုက်ပျိုးရကြောင်း၊ ပျိုးပင်များကို ဒီဇင်ဘာလဆန်းပိုင်းမှ စတင်ကာ မျိုးစေ့ ၃ ပြည်ခန့်ကို အစေ့ချ အတန်းလိုက် စိုက်ပျိုးပြီး အပင်လေးများ အညွန့်တက်လာချိန်တွင် မြေကြီး ဘောင်လုံး၍ တိုင်ထောင်ပေးရပြီး အပင်များ မကြပ်ရအောင် တစ်ပင်နှင့် တစ်ပင် ၅ လက်မ ခန့်ခြားပြီး စိုက်ပျိုးရကြောင်း၊ အပင် ရှင်သန်ကြီးထွားရေးအတွက် နွားချေးနှင့် သဘာဝ မြေသြဇာများ ရောမွှေပြီး ထည့်ပေးရကြောင်း အရွက်များ ပိုးမကိုက်စေရန် ပိုးသတ် ဆေးရည် ဖြန်းပေးပြီး မြောင်းများအကြား ပေါင်းနှုတ်ပေါင်းသင်ပေး၍ စနစ်တကျ စိုက်ပျိုးကြသဖြင့် မိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးသူများ၊ စီးပွားဖြစ် စိုက်ပျိုးကြသူများပါ အသီးများ လှိုင်လှိုင်ထွက်ရှိသဖြင့် စျေးကွက်အတွင်း စျေးကောင်းလည်း ရရှိကြသဖြင့်
စိုက်ပျိုးသူတောင်သူများ မိသားစုဝင်ငွေများ နေ့စဉ်ရရှိလျက်ရှိကြောင်း ဘိုစားပဲစိုက်ပျိုး ရောင်းချသည့် တောင်သူ ဦးဇေယျာထံမှ သိရသည်။
ချိုမြတ်မြတ်ထွေး(ကျိုက်မရော)