ဘူးသီးတောင် ဇန်နဝါရီ ၂၂
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းဝင်းနိုင် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များသည် ယနေ့ ညနေပိုင်းက ဘူးသီးတောင်မြို့ အထက (၂) စာသင်ကျောင်း၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း၊ မီးငြှိမ်းသတ်နည်း၊ ငလျင်ဇတ်တိုက် လေ့ကျင့်သရုပ်ပြ အခမ်းအနားကို ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့် အညီ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ ဘူးသီးတောင်မြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းဝင်းနိုင်က မီးဘေးအန္တရာယ်၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ရှင်းလင်းဟောပြောခဲ့သည်။
ထို့နောက် ငလျင်ဘေးအန္တရာယ် ရှာဖွယ်ကယ်ဆယ်ရေး သဏ္ဍန်တူ ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသခြင်း၊ မီးငြှိမ်းသတ်ရေး သရုပ်ပြသခြင်း၊ ကျောင်းသား/ သူများအား မီးသတ်ဆေးဘူး ကိုင်တွယ်အသုံးပြုနည်း လေ့ကျင်းပေးခြင်း၊ ရှာဖွယ်ကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များမှ ရှာဖွယ် ကယ်ဆယ်ရေး စွမ်းရည်သရုပ်ပြသခြင်းများ ပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းမှ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။
ဘူးသီးတောင်မြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း၊ လက်တွေ့သရုပ်ပြ အခမ်းအနားများအား စဉ်ဆက်မပြတ် ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လှကျော် (ပြန်/ဆက်)