နယ်လှည့်စာကြည့်တိုက်၊ အသိပညာနံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့်ဟောပြောပွဲ ကွင်းဆင်း ဆောင်ရွက်

အင်တော  ဇန်နဝါရီ  ၂၂

 ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အင်တောမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် အသိပညာပေး ဟောပြောပွဲကို ပညာရေးဌာနနှင့်ပူးပေါင်း၍ ယနေ့ မွန်းလွဲ ၂ နာရီက အမှတ်(၂)အခြေခံပညာမူလတန်းလွန်ကျောင်းသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ဉီးစီးမှူး ဒေါ်သန်းသန်းညွန့်က ကိုဗစ်-၁၉ရောဂါဖြစ်ပွားလာပုံနှင့် ကျန်းမာရေးနှင့်ပတ်သက်သည့် အကြောင်းအရာများကိုလည်းကောင်း၊     စာကြည့်တိုက်လက်ထောက်-၃ ဒေါ်လှလှထွေးက မီးဘေး အန္တရာယ်ကြိုတင် ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအကြောင်းအရာတို့ကို အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနက ခင်းကျင်းပြသထားသည့် ကိုဗစ်-၁၉ရောဂါ၊ အိမ်တွင်းအကြမ်းဖက်မှု၊ လူကုန်းမှုအန္တရာယ်၊ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သည့် အသိပညာပေး နံရံကပ်စာစောင်များ၊ ဓာတ်ပုံများကြည့်ရှုပြီး စာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

အောင်ခိုင်