ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသအား ကမ္ဘာ့ အမွေအနှစ် စာရင်းတင်သွင်းရေးနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း အခမ်းအနားသို့ တက်ရောက်

စစ်တွေ ဇန်နဝါရီ ၂၂

မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေးနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ရာ မြောက်ဦးဒေသ အမျိုးသားအဆင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရခိုင်ပြည်နယ် ယဉ်ကျေးမှုအမွေအနှစ် ကာကွယ်ထိန်းသိမ်းရေးကော်မတီဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ မြောက်ဦးဒေသ အမျိုးသားအဆင့် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီဒုတိယဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသသည် ရခိုင်တစ်မျိုးသား လုံး၏ အသည်းနှလုံးဟုပြောလျှင် မမှားနိုင်ပါကြောင်း၊ ထိုဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ရန် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် အထူးဆန္ဒရှိသကဲ့သို့ လိုအပ်သည့် ပူးပေါင်းကူညီ ဆောင်ရွက်မှုများကို ယခင်နှစ်များနှင့် ယခုကာလပိုင်းများတွင်လည်း ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းရာတွင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှ (၂၀၂၁ ခု အောက်တိုဘာလမှ ၂၀၂၂ မတ်လအထိ)(၆) လဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ်ဘဏ္ဍာရန်ပုံငွေမှ မြောက်ဦး ဒေသ ဇုန်နယ်နိမိတ်ကျောက်တိုင် စိုက်ထူခြင်းလုပ်ငန်း၊ ဓညဝတီ၊ ဝေသာလီမြို့ဟောင်းဇုန်တိုင် စိုက်ထူခြင်း လုပ်ငန်း၊ မြောက်ဦးနန်းတော်ရာကုန်း တူးဖော်ထိန်းသိမ်းခြင်း လုပ်ငန်း၊ GIS Data ကောက်ယူရေးလုပ်ငန်း၊ ရှေးဟောင်းအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းနှင့် မြေပုံပြုစုရေးသားခြင်းလုပ်ငန်း၊ လမ်းညွှန် ဆိုင်းဘုတ်၊ အသိပညာပေး ဆိုင်ဘုတ်နှင့် မြေပုံများအား စတစ်ကာဗွီနိုင်းများဖြင့် စိုက်ထူခြင်းလုပ်ငန်း၊ သာယာလှပရေးနှင့် Nomination Dossier (Draft) ပြုစုရေးသားခြင်း စသည့်လုပ်ငန်းများအတွက် ခွဲဝေချ ထားပြီး ဆောင်ရွက်စေခဲ့ပါကြောင်း၊ ယခုနှစ်တွင်လည်း ၂၀၂၁ မှ ၂၀၂၂ (မီနီ) ဘဏ္ဍာရေးနှစ်အတွင်း ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်စာရင်း ကောက်ယူခြင်းလုပ်ငန်း၊ မြောက်ဦးယဉ်ကျေးမှုအမွေအနှစ် ဒေသအတွင်း ကာကွယ်ထိန်းသိမ်းရေးဆိုင်ရာ တားမြစ်ချက်ဆိုင်းဘုတ်များ စိုက်ထူခြင်းလုပ်ငန်း၊ ပြတိုက်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ရန်ပုံငွေခွဲဝေချထားပေးထားပြီး ဖြစ်ကြောင်း၊ မြောက်ဦးခေတ် ကိုယ်ပိုင်ဟန်ဖြင့် တည်ရှိခဲ့သော မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေ၏ ထူးခြားထင်ရှားခန့်ညားထည့်ဝါလှ သည့် တန်ဖိုးမဖြတ်နိုင်သော အရာများသည် ရခိုင်ပြည်နယ်၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကဆွဲဆောင်လျက်ရှိသော အချက်လည်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ထူးခြားထင်ရှားသော မြောက်ဦး အမွေအနှစ်ဒေသ၏ ယဉ်ကျေးမှုပြယုဂ်များကို ကာကွယ်စောင့်ရှောက်ရာတွင် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများကို လက်တွေ့ကျပြီး ထိရောက်အောင် စီမံခန့်ခွဲမှုစနစ်ဖြစ်ရန်အတွက် မြောက်ဦးဒေသ အမျိုးသားအဆင့် ပူးပေါင်း ဆောင်ရွက်ရေးကော်မတီ၊ ထိန်းသိမ်းရေးကော်မတီနှင့် ခရိုင်အဆင့်ပူးပေါင်း ဆောင်မှုကော်မတီများနှင့် အတူတကွ ထိထိ ရောက်ရောက် ပူးပေါင်းဆောင်ရွက်သွားရန်လိုပါကြောင်း၊ မိမိတို့ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့အနေဖြင့် မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းရေး လုပ်ငန်း ဆောင်ရွက်ရာတွင် ယခုကဲ့သို့ အတူလက်တွဲပြီး ဝိုင်းဝန်းကူညီ ပူးပေါင်းဆောင်ရွက်ပေးရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်းနှင့် နောင်တွင်လည်း အတူတကွ ပူးပေါင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ မြောက်ဦးဒေသ အမျိုးသားအဆင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ တွဲဖက် အတွင်းရေးမှူး၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်ဦးလွင်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သိန်းလွင်၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ကမ္ဘာ့ အမွေအနှစ်ဒေသများဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးသန်းဇော်ဦးတို့က မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းပြီးစီးမှုဆိုင်ရာ အချက်အလက်များ၊ ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းရခြင်း၏ ရည်ရွယ်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ကော်မတီဝင်များက မြောက်ဦး ဒေသ ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းရေးနှင့် ပတ်သက်၍ ဝိုင်းဝန်းအကြံပြုဆွေးနွေးကြသည်။ ဆက်လက်၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ပြည်နယ် ဝန်ကြီးချုပ်အား ကမ္ဘာ့အမွေအနှစ် ကော်မတီသို့ တင်ပြခဲ့သည့် အဆိုပြုစာတွဲအား ပေးအပ်ပြီး ပြည်နယ် ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)