ဗဟန်းမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုပြည်​ထောင်စု​နေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကျင်းပ

ရန်ကုန် ဇန်နဝါရီ ၂၂

ဗဟန်းမြို့နယ်၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးဌာန၊ မြို့နယ်စာရေးဆရာ အသင်းနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ (၇၅)နှစ်မြောက် စိန်ရတုပြည်​ထောင်စု​နေ့အထိမ်းအမှတ် အကြို အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၁ နာရီက ရန်ကုန်အနောက်ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (ဗဟန်း)၊ Community Centre ဘက်စုံသုံးခန်းမ၌ ကျန်းမာ​ရေးဝန်ကြီးဌာနမှ ထုတ်ပြန်​ကြေညာထားသည့် ကိုဗစ်-၁၉ ကပ်​ရောဂါ ကာကွယ်​ရေးစည်းကမ်းချက်များ၊ လမ်းညွှန်ချက်များနှင့် အညီ ကျင်းပသည်။

အဆိုပါ အသိပညာပေး ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံစာ​ရေးဆရာအသင်း ဗဟိုအလုပ်အမှု​ဆောင် အဖွဲ့ဝင်၊ ဗဟန်းမြို့နယ်စာ​ရေးဆရာ အသင်း နာယက၊ စာ​ရေးဆရာ၊ ကဗျာဆရာကြီး အဂ္ဂမဟာမင်္ဂလဓမ္မ​ဇောတိကဓဇ ဦးစိုးဝင်း (တက္ကသိုလ်စိုးဝင်း)က အဖွင့်အမှာစကား​ပြောကြား ပြီး ဗဟန်းမြို့နယ် စာ​ရေးဆရာအသင်းဥက္ကဋ္ဌ ဦးကိုကို​လေး (ရန်ကင်းကိုကိုလေး)က (၇၅)နှစ် မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ကျင်းပရခြင်း၏ ရည်ရွယ်ချက်၊ အနာဂတ် မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများ မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စု စိတ်ဓာတ်၊ အမျိုးသားရေးစိတ်ဓာတ်များ နိုးကြားစေရေးအတွက် သိကောင်းစရာများ၊ ပြည်ထောင်စုနေ့နှင့် ပတ်သက်သည့် သိကောင်းစရာများ၊ ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်း၊ သမိုင်းဝင် ပင်လုံစာချုပ်နှင့် ပတ်သက်သည့် အကြောင်းအရာများ၊ လွတ်လပ်​ရေး ရရှိရရှိ​စေ​ရေးအတွက် အ​ရေးပါပုံ၊ တိုင်းရင်းသား​တွေ ဥမကွဲသိုက်မပျက်၊​ အေးအတူ ပူအမျှ​ နေနိုင်​အောင် ပြည်မတောင်တန်း ပူပေါင်းရေးစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ပုံ၊ မြန်မာ့သမိုင်းတွင် မြန်မာတစ်မျိုးသား လုံးမမေ့ပျောက်နိုင်သော ဂုဏ်ယူမြတ်နိုးဖွယ်ရာ ပြည်ထောင်စုနေ့ အရေးပါပုံ၊ ပြည်ထောင်စုနေ့ ဦးတည်ချက်များကို အကျယ်တဝင့် ပြောကြားခဲ့သည်။

ဆက်လက်၍ ဗဟန်းမြို့နယ် စာ​ရေးဆရာအသင်း တွဲဖက်အတွင်း​ရေးမှူး စာ​ရေးဆရာသိမ်းထွန်း (ဦး​မေခ)က ပြည်​ထောင်စု​နေ့ အထိမ်းအမှတ် ကဗျာကိုရွတ်ဆိုခဲ့သည်။

ထိုသို့အသိပညာပေး ဆွေးနွေးရာတွင် ကျောင်းသား၊ ကျောင်းသူများအား မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ပြီး အနာဂတ်လူရည်မွန်၊ လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွန်း လာစေရန်နှင့် အသိဉာဏ်ဖွံ့ဖြိုးပြီး ထူးချွန်ထက်မြက်သည့် လူငယ်လူရွယ်များ ​ပေါထွက်လာ​စေရန် ရည်ရွယ်၍ ဗဟန်းမြို့နယ် အမှတ်(၃) အ​ခြေခံပညာ အလယ်တန်း​ကျောင်းမှ​ကျောင်းသား၊​ ကျောင်းသူများအား သမိုင်းဝင်​နေ့ ထူး​နေ့မြတ်ဖြစ်သည့် ပြည်​ထောင်စု​နေ့ကို သိရှိပြီး ဗဟုသုတများစွာ ရရှိ​စေရန်အတွက် ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်​​ကြောင်း သိရသည်။

ဟောပြောပွဲအပြီးတွင် ဗဟန်းမြို့နယ် စာရေးဆရာအသင်းဥက္ကဌနှင့် အလုပ်အမှုဆောင်များက ရန်ကုန်အနောက်ပိုင်းခရိုင် ပြန်ကြား​ရေးနှင့် ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနသို့ သုတ၊ ရသစာအုပ် များကို​ ပေးအပ်လှူဒါန်းရာ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လက်​ထောက်ညွှန်ကြား​ရေးမှူး​ ဒေါ်လှလှ​ဌေးက လက်ခံရယူခဲ့​ကြောင်း သိရှိရသည်။

အောင်မြင့်(ပြန်/ဆက်)